Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရးဂိတ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်လေးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှမန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁၇၄၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၀၀၀၀၀၀) ကိုလည်းကောင်း၊ ရတနာပုံတံတား (မန္တလေး)စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၆ မျိုး လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၃၀၄၄၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Ipsum တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၃၂ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၆၆၅၁၇၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ King Long Bus တစ်စီး၊ Hino Profia Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၁၄၄၃၇၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ကျေးရွာ၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၉၆ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ၌ တရားမဝင်အခြားသစ် ၃ ဒသမ ၀၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၂၇၈) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၃၂၇၈ ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံမြို့ စိုက်ပျိုးရေးသိပ္ပံ (သထုံ) ကျောင်းအနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီးပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာခြောက်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၈၀၂၈၉၃) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၇၉၁၅၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ Bonded Warehouse အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄၀၄၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၇၂၁၈၉၃ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၈၄၇၅၄၆) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ် လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်