Skip to main content

မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မင်းဘူး ဇွန် ၂၀

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါပွဲတော်တွင် ကာယစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ခါးလှည့်ကွင်း၊ ကွန်ပျူတာဉာဏ်စမ်း၊ စကားပုံဆက်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကာယစွမ်းရည်ပြိုင်ပွဲများ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအား အာဟာရ ဖြည့်အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွက် ငွေကျပ် ၅၅ သိန်းကိုပေးအပ်ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက လက်ခံရယူပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအတွက် ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ကျင်းပသည့် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးကျင်းပ သည့် ပွဲတော်ဖြစ်ပြီး မင်းဘူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူအင်အား ၂၀၀၀ ခန့် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)