မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းစာလျှင် ရေမြေသဘာဝ ကောင်းမွန်ခြင်း၊ အစွန်းမထွက် မလွန်ကဲသည့် မျှတမှုရှိသော ရာသီဥတုရှိခြင်း၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ စုံလင်စွာ တည်ရှိခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များပေါများခြင်း စသည့် စိတ်ဝင်စားဖွယ် အနေအထားကောင်းများ များစွာပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံမြောက်ဖျားတွင် ရေခဲဖုံးလွှမ်းသော အမြင့်ဆုံး ခါကာဘိုရာဇီတောင်တန်းကြီးမှအစ မြင့်မားလှပသည့် တောင်တန်းတောင်စွယ်များ မြောက်ဘက်မှ ဆင်းသက်လာပြီး တောင်ဘက် တနင်္သာရီရိုးမကြီး၏အမြင့်ဆုံး မြင့်မိုရ်လက်ခတ်တောင်အထိ သွယ်တန်းနေသည်။ ကုန်းတွင်း ပင်လယ်ဟု ခေါ်ဆိုသည့် တောင်ပေါ်အင်းလေးကန်ကြီးနှင့် အင်းတော်ကြီးကန်တို့သည် အလွန်လှပ ပြီး သက်ရှိသတ္တဝါများနှင့် ခရီးသွားများ လည်ပတ်နားခိုရာ ဖြစ်သည်။ သွယ်တန်းစီးဆင်းနေသော မြစ်ချောင်းကြီးများနှင့် တနင်္သာရီ ကမ်းမြောင်ဒေသ၊ ရခိုင်ကမ်းမြောင်ဒေသတို့မှ အလွန်လှပသည့် ကမ်းရိုးတန်းများသည် ခရီးသွားများအား ဆွဲဆောင်ရာဒေသများ ဖြစ်သည်။
ကမ္ဘာပေါ်တွင် ရေနံထုတ်လုပ်မှုနှင့် မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများပြီးလျှင် တတိယနေရာမှလိုက်၍ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေ ပေးနိုင်သော စီးပွားရေး လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်သည်။ သဘာဝအလှအပများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါများကြွယ်ဝသော မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကိုအသုံးချ၍ စီးပွားဖြစ် ထိထိရောက်ရောက် အသုံးချနိုင်ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံရှိ တည်ရှိပြီးခရီးသွား အရင်းအမြစ်၊ ဖော်ထုတ်ရန် ခရီသွားအရင်းအမြစ်တို့ဖြင့် နိုင်ငံ့စီးပွား တိုးပွားအောင် ကြိုးပမ်းအားထုတ် ရမည်ဖြစ်သည်။
သာဓကအားဖြင့် တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့သည် သာယာလှပသည့် ပင်လယ်ကမ်းရိုးတန်းကြီး ရှုမျှော်မဆုံးရှိရာ ရေသယံဇာတများ ရှာဖွေရေးနှင့် ပင်လယ်ကမ်းရိုးတန်း အပန်းဖြေ ခရီးသွားလာရေးအတွက် တန်ဖိုးမဖြတ်နိုင်သော နေရာများဖြစ်သည်။ တနင်္သာရီကမ်းရိုးတန်းတွင် ထူးခြားထင်ရှားသော ကျွန်းကြီးကျွန်းငယ်များ အမြောက်အမြားရှိပြီး ခရီးသွားလုပ်ငန်းအတွက် ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိသေးဘဲ ကျွန်းများမှာ မူလသဘာဝ အတိုင်း ရှိနေဆဲဖြစ်သည်။
ယခုအခါ တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းတစ်ကျွန်း တွင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့် ပြုရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းစည်းဝေးခဲ့ကြောင်း သိရသည်။ စိတ်ဝင်စားဖွယ်ကောင်းသော တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက် တွင်ရှိသော သာယာလှပသည့်ကျွန်းများ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်၊ တိုးတက် ဖြစ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်မှုသည် နိုင်ငံ့ စီးပွားရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းတိုးတက်ရေးအတွက် အလားအလာကောင်းများ ဖြစ်သည်။ ။
တနင်္သာရီတိုင်းဒေသကြီးသည် ကမ္ဘာပေါ်ရှိ ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံးခရီးစဉ်တစ်ခု ဖြစ်လာနိုင်သည်။ ကျွန်းစုများမှာ သဘာဝအတိုင်း တည်ရှိနေခြင်း၊ သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးနေခြင်း၊ သဘာဝမျိုးကွဲ၊ မျိုးစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာတည်ရှိခြင်း တို့ကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံနိုင်မည့် ခရီးသွားလုပ်ငန်းများ လိုအပ်လျက်ရှိသည်။ တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်စုများမှာ သဘာဝအတိုင်းတည်ရှိနေသဖြင့် မြန်မာနိုင်ငံ အတွက်သာမက ကမ္ဘာအတွက်ပါ မပျက်စီးသေးသော သဘာဝအမွေအနှစ်များ ဖြစ်သည်။ ။
သဘာဝအတိုင်းတည်ရှိနေသော တနင်္သာရီကမ်းရိုးတန်းခရီးစဉ် ဖွံ့ဖြိုးတိုးတက်လာရေးတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်မှုနှင့် ပြည်တွင်း ပြည်ပခရီးသွားများ တည်းခိုနေထိုင်နားနေရေးအတွက် အဆင့်အတန်းနှင့်အညီ သင့်တင့်လျောက်ပတ်သော တည်းခိုနေ ထိုင်ရာ နေရာများလိုအပ်နေသည်။ တနင်္သာရီတိုင်းဒေသကြီးသို့ ဆက်သွယ်သွားလာရာ၌ လမ်းပိုင်း များ အဆင့်မြင့်မြင့် ဖြောင့်ဖြူးကောင်းမွန်ရန် လိုအပ်သကဲ့သို့ အဓိကအားထားသွားလာလိုသည့် လေယာဉ်ခရီးစဉ်ကောင်းမွန်ရေးနှင့် အခြားနိုင်ငံများ၏ဈေးနှုန်းထက် မများရန်လည်း လိုအပ်သည်။ အဓိက သွားလာနိုင်သည့် ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသ မြို့ပြအဆင့်မီ ဖွံ့ဖြိုးတိုးတက် လာရေးကိုလည်း တစ်ဖက်က ဆောင်ရွက်သွားရမည် ဖြစ်သည်။
သို့ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးကဲ့သို့ သဘာဝတရားက ဖန်တီးပေးထားသော မြန်မာနိုင်ငံ၏ သာယာလှပသည့် ရေမြေသဘာဝ အလားအလာကောင်းများကို ထိရောက်စွာအသုံးချ၍ သဘာဝ ပတ်ဝန်းကျင်များ မပျက်စီးစေဘဲ နိုင်ငံစီးပွားရေးနှင့် ပြည်သူများ၏ အကျိုးစီးပွား မြင့်မားတိုး တက်အောင် နည်းလမ်းရှာကြံ ကြိုးပမ်းပြုပြင် ဖန်တီးဆောင်ရွက်ကြရန် လိုအပ်သည်ဟု အကြံပြုပါကြောင်း။ ။