Skip to main content

မီးဘေးရှောင်ရှား မလောင်ခင်ကြိုတင်တား

နေ့အပူရှိန်များ မြင့်တက်လာနေပြီး ခြောက်သွေ့သည့်ရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အလျောက် နိုင်ငံတစ်ဝန်းရှိ အမြို့မြို့အနယ်နယ်တို့တွင် သက်ဆိုင်ရာမီးသတ်ဌာန တာဝန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးမှု၊ အသိပေးနှိုးဆော်မှု၊ သရုပ်ပြလေ့ကျင့်မှုတို့ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။ အမျိုးမျိုးသော အကြောင်းများကြောင့် ဖြစ်ပေါ်လာသည့် မီးလောင်မှုသတင်းများကိုလည်း မကြာခဏဆိုသလို တွေ့ရှိလာရသည်။

ယမန်နှစ်က မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှုပေါင်း ၁၁၅၀ ဖြစ်ပွားခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုများ၏ တန်ဖိုးစုစုပေါင်းမှာ ကျပ်သန်း ၉၄၀၀ ကျော်သည်။ လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်မီးလောင်မှု ပျမ်းမျှအားဖြင့် အကြိမ်ရေ ၁၈၀၀ ခန့်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးမှာလည်း နှစ်စဉ်ပျမ်းမျှ ကျပ်သန်း ၁၅ ဘီလီယံနီးပါးရှိရာ ဆုံးရှုံးမှုပမာဏ ကြီးမားလှသည်။ မီးလောင်မှုဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းများတွင် လူတို့ပေါ့ဆခြင်းကြောင့် လောင်ကျွမ်းမှုက အများဆုံးဖြစ်ရာ ကိုယ့်ကြောင့် သူတစ်ပါး၊ အများပြည်သူတို့ ဒုက္ခမရောက်စေရန် ဆင်ခြင်သတိပြုကြဖို့ လိုအပ်သည်။ ခြင်ဆေးခွေမီး၊ အမွှေးတိုင်မီး၊ ဖယောင်းတိုင်မီး၊ ဆေးလိပ်မီးတို့မှ စတင်လောင်ကျွမ်းခြင်း၊ ဆီတိုင်ကီကို ဂဟေဆော်ခြင်း၊ အပူချိန်မြင့်မားနေချိန်တွင် စက်သုံးဆီပုံးများ လဲလှယ်ဖြည့်သွင်းခြင်း၊ ဖုန်းပါဝါဘန့် အားသွင်းခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အပူလွန်ကဲခြင်းတို့မှ စတင်လောင်ကျွမ်းခြင်းစသည်တို့မှာ သတင်းများတွင် အများဆုံးတွေ့ရှိရသည့် မီးလောင်မှုအကြောင်းအရင်းများပင် ဖြစ်သည်။

လောင်စာရှိမည်၊ လေ (အောက်ဆီဂျင်) ရှိမည်၊ လုံလောက်သော အပူရှိန်ရှိမည်ဆိုလျှင် ထိုအကြောင်းသုံးရပ် ပေါင်းစပ်ကာ နေရာမရွေး၊ အချိန်မရွေး မီးလောင်နိုင်သည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှု၊ နိုင်ငံများအလိုက် လူဦးရေတိုးပွားလာမှု၊ စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုတို့နှင့်အတူ မီးလောင်ကျွမ်းမှုဖြစ်စဉ်များလည်း ပိုမိုများပြားလာသည်။ နှစ်စဉ် မီးလောင်ကျွမ်းမှုအကြိမ်ရေ များပြားသည်နှင့်အမျှ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးများလည်း များပြားမည်ဖြစ်ရာ ကြိုတင်ကာကွယ်သည့်နည်းလမ်းဖြင့် မီးလောင်ကျွမ်းမှုအကြိမ်ရေကို လျှော့ချရမည်ဖြစ်သည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများနှင့် ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲရသည့် ငွေကြေးပမာဏတို့မှာ ဘီလီယံများစွာ ကြီးမားလှပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိမိနေအိမ်ခြံဝင်းကို သန့်ရှင်းသပ်ရပ်စွာထားရန်၊ မီးလောင်လွယ်သော အရာဝတ္ထုများကို သေချာစွာထုပ်ပိုးသိမ်းဆည်းရန်နှင့် အသုံးမပြုလိုလျှင် စနစ်တကျစွန့်ပစ်ရန်၊ အမှိုက်မီးရှို့လိုပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြား၍ ခွင့်ပြုမှသာ ဆောင်ရွက်ရန်၊ ထင်းမီးဖိုအသုံးပြုလျှင် လုံခြုံစွာ ကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုခြင်းတို့ဆောင်ရွက်ရန်၊ ဓာတ်ငွေ့မီးဖြင့် အသုံးပြုချက်ပြုတ်လျှင် အသုံးမပြုမီ နားလည်တတ်ကျွမ်းသူများဖြင့် သေချာစွာစစ်ဆေးရန်၊ လျှပ်စစ်မီးကို အသုံးပြုချက်ပြုတ်လျှင် ဝန်အားမျှတသည့် ဝိုင်ယာကြိုးများကို အသုံးပြုခြင်း၊ လျှပ်စစ်ပစ္စည်းများ နှစ်စဉ်စစ်ဆေးခြင်းတို့ ဆောင်ရွက်ရန်စသည်တို့အပါအဝင် မီးဟူသမျှတို့ကို စနစ်တကျ ဂရုတစိုက်အသုံးပြုရမည့် နည်းလမ်းပေါင်းများစွာတို့ကို သက်ဆိုင်ရာက ကြိုတင်သတိပေးနှိုးဆော်လျက်ရှိရာ ဂရုပြုလိုက်နာဆောင်ရွက်ကြခြင်းဖြင့် မီးအန္တရာယ်ကင်းဝေးနိုင်ကြမည်ဖြစ်သည်။

အချိန်အခါမရွေး အကြောင်းသုံးပါး တိုက်ဆိုင်ပါက လောင်ကျွမ်းနိုင်သည့်မီးသည် ခြောက်သွေ့ရာသီတွင် ပို၍လောင်ကျွမ်းနိုင်ခြေများသည်။ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လူတစ်ဦးချင်းစီက သတိပြုဆောင်ရွက်ရန် လိုအပ်သလို မီးလောင်မှုဖြစ်ပေါ်လာပါကလည်း မီးငြှိမ်းသတ်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီကြရန်လိုသည်။ “မီးဘေးရှောင် မလောင်ခင်တား” ဟူသော ဆောင်ပုဒ်နှင့်အညီ ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့်သာ မီးဘေးအန္တရာယ်မှ ရှောင်ရှားကြရပါမည့်အကြောင်း။ ။