မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ဆက်စပ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သည့် ကျင့်ထုံးများအား အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖလှယ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရေးဆွဲပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄) ”ကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ ယခုအခါ ဆယ်နှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ နာမကျန်းအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊ အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ မီးဖွားမှု အကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်နှင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသူများ အကျိုးခံစားခွင့်ဟူသည့် အကျိုးခံစားခွင့် (၉) ရပ်ရှိသည်။ ယင်းတို့ကို မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ဘဏ္ဍာငွေကြေးသုံးစွဲနိုင်မှုအပေါ်တွင် မူတည်၍ ထောက်ပံ့မှုအစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလက်တွဲ၍ မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအစီအစဉ်ဖြစ်သည့် အသက် (၈၅) နှစ်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ အသက် (၂) နှစ်အောက် ကလေးငယ်များအားလုံး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း တစ်ဦးတစ်ယောက်မျှမကျန်ရအောင် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
လက်ရှိတွင် သက်ကြီးရွယ်အိုများ ထောက်ပံ့ရေးအစီအစဉ်ကို မြို့နယ်အလိုက် လစဉ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုများ လျှော့ပေါ့သက်သာခွင့်ရရှိရေးအတွက် သက်သေခံကတ်ပြားထုတ်ပေးရေး၊ ကင်းလွတ်ခွင့်ရရှိရေး၊ အများပြည်သူသို့ အသိပေးနိုင်ရေး၊ စာရင်းကောက်ယူရေး၊ စိစစ်ရေးလုပ်ငန်းများ စသည့်လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသည်။ အလားတူ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် (၉) ရပ်စလုံးကို အားလုံးအကျုံးဝင်အောင် ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စိန်ခေါ်မှုများစွာရှိမည်ဖြစ်သည်။ ယခုအချိန်တွင် နိုင်ငံတော်မှရရှိသည့်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နောင်အခါတွင် အခြားအစီအစဉ်များဖြင့် ဆောင်ရွက်နိုင်ရေးကို ထည့်သွင်းစဉ်းစားထားရမည်ဖြစ်သည်။ နိုင်ငံတိုင်းတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေကြသည်။ တစ်ကမ္ဘာလုံးအနေဖြင့် GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်းသည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံးနိုင်ငံများအနေဖြင့် GDP တွင် အသုံးစရိတ်ပါဝင်မှု ရာခိုင်နှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး GDP အပေါ်မူတည်၍ ထောက်ပံ့မှုအနည်းအများကို တွေ့နိုင်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ဆက်စပ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သည့်ကျင့်ထုံးများကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖလှယ်နိုင်ရေး ရည်ရွယ်လျက် ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှ စတင်ဖွဲ့စည်းထားသည့် နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှ အသင်းအဖွဲ့ပေါင်း ၃၃၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာလူမှုဖူလုံရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အာဆီယံလူမှုဖူလုံရေးအသင်းတွင်လည်း လူမှုဖူလုံရေးဆိုင်ရာ ကောင်းမွန်သည့်အတွေ့အကြုံများနှင့် အလေ့အကျင့်များ မျှဝေနိုင်ရန် ရည်ရွယ်သည့် သဘောတူညီမှုစာချွန်လွှာတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ လ ၁၀ ရက်က အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ အာဆီယံ ၁၀ နိုင်ငံ၏ လူမှုဖူလုံရေးအဖွဲ့အစည်း ၂၀ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ပေးရမည့် ပြည်သူလူထုအကျိုးပြုလုပ်ငန်းများဖြစ်သည်။ အဆိုပါလုပ်ငန်းများသည် မွန်မြတ်သည့်လုပ်ငန်းများဖြစ်သည့်အပြင် နိုင်ငံသားအခွင့်အရေးလည်းဖြစ်ရာ အများပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုရန်အတွက် ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းများဖြစ်သဖြင့် လုပ်ငန်းစဉ် (၉) ရပ်စလုံးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။