၁၈၇၇ ခုနှစ် မေလ ၁ ရက်တွင် စတင်ခဲ့သည့် မြန်မာ့မီးရထား၏ သက်တမ်းမှာ ၁၄၈ နှစ်သို့ က်ရှိလာပြီဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်တွင် စတင်ခဲ့သည့် မြန်မာ့မီးရထားသည် အင်္ဂလန်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး ခုတ်မောင်းပြေးဆွဲခဲ့သည့် ရထားထက် ၅၂ နှစ်၊ အိန္ဒိယနိုင်ငံမီးရထားထက် ၂၄ နှစ် နောက်ကျခဲ့သော်လည်း အရှေ့တောင်အာရှနိုင်ငံများထဲတွင် အစောဆုံးနှင့် သက်တမ်းအရင့်ဆုံးဖြစ်သည်။
ရန်ကုန် - ပြည်၊ ရန်ကုန် - မန္တလေး၊ ရန်ကုန် - မော်လမြိုင် စသည်တို့အပါအဝင် နိုင်ငံတစ်နံတစ်လျား ဖြန့်ကြက်ထားသည့် ရထားလမ်းကွန်ရက်များတွင် အစုန်-အဆန် ခုတ်မောင်းခဲ့ကြသည့် ရထားများမှာ အတိတ်ကခရီးသွားပြည်သူတို့ အဓိကအားကိုးအားထားပြုခဲ့ကြရသော သယ်ယူပို့ဆောင်ရေးယာဉ်များပင်ဖြစ်ပြီး ပြည်သူနှင့်တစ်သားတည်းရှိခဲ့သည်ဟုပင် ဆိုနိုင်သည်။ အချိန်မှန်ထွက်သော အစုန်-အဆန်ရထားများသည် ရထားလမ်း ဝဲယာတစ်လျှောက်ရှိ စံတော်ချိန်နာရီများသဖွယ်ဖြစ်ခဲ့သည်။ ရေဒီယိုမှလာသည့် ရထားသီချင်းများသည်လည်း ပြည်သူများ၏ ရင်ထဲအထိရောက်ရှိပြီး အပျင်းပြေ ဆိုညည်းစရာများ ဖြစ်ခဲ့သည်။
ပြည်တွင်း၌ ကားလမ်းများ တိုးချဲ့ဖောက်လုပ်လာပြီး အဝေးပြေးမော်တော်ယာဉ်လိုင်းများစွာ ပေါ်ပေါက်လာခြင်း၊ ခေတ်မီမော်တော်ယာဉ်ကြီးများဖြင့် ပြေးဆွဲလာကြပြီး ခရီးသည်ဝန်ဆောင်မှုများ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်းလုပ်ဆောင်လာခြင်း စသည်ဖြင့် ခရီးသည်တင်မော်တော် ယာဉ်လိုင်းများတိုးတက်လာချိန်တွင် သက်တမ်းရင့်အိုနေပြီဖြစ်သည့် မြန်မာ့မီးရထားမှာ ဇရာပိုင်းသို့ ရောက်နေခဲ့ပြီး ခေတ်ကာလနှင့် လျော်ညီအောင် တစ်နည်းအားဖြင့် ခေတ်မီရထားဝန်ဆောင်မှုများပေးနိုင်အောင် ပြင်ဆင်စရာ၊ မြှင့်တင်စရာ၊ ဖြည့်တင်းစရာများ ပမာဏကြီးမားစွာ ရှိနေခဲ့သည်။
နိုင်ငံတော်အကြီးအကဲက သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးဟူ၍ရှိပြီး ရထားဖြင့် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံးပို့ဆောင်ရေးစနစ်ဖြစ်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သက်သာခြင်းသည် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝသက်သာချောင်ချိရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်လိုကြောင်း ပြောကြားခဲ့ရာ လက်ရှိအချိန်တွင် မြန်မာ့မီးရထားသည် အကြမ်းဖက်အဖျက်အမှောင့်အန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်တိုင် ခရီးသွားပြည်သူများအတွက် ရထားဝန်ဆောင်မှုသမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။
မြန်မာ့မီးရထားသည် ပြည်သူများ ခရီးသွားလာမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အမှတ် (၇) အဆန်၊ (၈) အစုန်၊ မန္တလေး- နေပြည်တော်လမ်းပိုင်း၌ လေအိတ်ရထားတွဲဆိုင်းဖြင့် အမှတ် (၂၇) အဆန်၊ (၂၈) အစုန် လူစီးရထားခရီးစဉ်များကို ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်တိုးချဲ့ခုတ်မောင်းပြေးဆွဲလျက်ရှိနေပြီဖြစ်သည်။ ရန်ကုန် - နေပြည်တော်ရထားသည် ခုတ်မောင်းချိန် ငါးနာရီခွဲကြာမြင့်ပြီး မန္တလေး-နေပြည်တော်ရထားသည် ခုတ်မောင်းချိန် ငါးနာရီကြာမြင့်ကာ ရန်ကုန် - မန္တလေး ခရီးစဉ်တစ်ခုလုံးအတွက် စုစုပေါင်းကြာမြင့်ချိန် ၁၁ နာရီခန့်ဖြင့် ရောက်ရှိနိုင်ခဲ့ကြသည်။
ရထားစက်ခေါင်းများနှင့် တွဲဆိုင်းများ၊ ရထားလမ်းများကို အဆင့်မြှင့်တင်ခြင်းဖြင့် ရထားများ၏ ခုတ်မောင်းချိန်ကို လျှော့ချနိုင်သကဲ့သို့ ရထားလက်မှတ်များ ဝယ်ယူရာတွင်လည်း ခေတ်နှင့်အညီ ဝန်ဆောင်မှုပေးနိုင်ခြင်းဖြင့် အဝေးပြေးမော်တော်ယာဉ်လိုင်းများကို ပိုမိုယှဉ်ပြိုင်လာနိုင်မည်ဖြစ်သည်။ မြန်မာ့မီးရထားတစ်ခေတ်ပြန်လည်ဆန်းသစ်ခြင်းဖြင့် ဂုဏ်ယူဝင့်ကြွားကာ နိုင်ငံ့အကျိုးနှင့် အများပြည်သူအကျိုးအတွက် ဆတက်ထမ်းပိုးသယ်ပိုးရွက်ဆောင်နိုင်ပါစေကြောင်း။ ။