Skip to main content

ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနေ့အခမ်းအနား ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ စကားသံများ

ကန်ကြီးထောင့် မတ် ၁

သတင်း - ကျော်ဇင်စိုး(ပြန်/ဆက်)

ဓာတ်ပုံ- မောင်မောင်မြင့်(ရေနံသာမြေ)

ဧရာဝတီတိုင်းဒေသကြီးအဆင့် တောင်သူလယ်သမားနေ့အခမ်းအနားကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားကျင်းပရာ ဝါးဒူးကျေးရွာ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးဇော်ဝမ်း ညွှန်ကြားရေးမှူး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန

ဧရာဝတီ တိုင်းဒေသကြီးမှာ တောင်သူလယ်သမားနေ့ အခမ်းအနားကို နှစ်စဉ်ခမ်းနားသိုက်မြိုက်စွာ ကျင်းပနေတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးဟာလည်း မြန်မာနိုင်ငံရဲ့ စပါးကျီလို့တောင်တင်စား ခေါ်ဝေါ်ရလောက်အောင် စပါးအဓိက တိုင်းဒေသကြီးတစ်ခု ဖြစ်ပါတယ်။ နှစ်စဉ် မိုးစပါး၊ နွေစပါး ဧကပေါင်း ၅၁ သိန်းကျော် စိုက်ပျိုးနေတာဖြစ်ပြီး စပါးတင်း သိန်းပေါင်း ၄၀၀၀ ကျော် ထွက်ရှိတဲ့အတွက် တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှု ၃၇၅ ဒသမ ၈၃ ရာခိုင်နှုန်းအထိ ရရှိနေပြီဖြစ်ပါတယ်။ ဒေသတွင်းစားသုံးမှုအပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ ဆန်စပါးလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနေပြီး ပြည်ပဆန်တင်ပို့မှုမှာလည်း ဧရာဝတီတိုင်းဒေသကြီးကထွက်ရှိတဲ့ ဆန်စပါးတွေက ရာခိုင်နှုန်းအချိုးအစားအများဆုံးပါဝင်နေတာ ဖြစ်တဲ့အတွက် နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ တိုင်းကြီးတစ်တိုင်းလို့လည်း ဆိုရမှာဖြစ်ပါတယ်။

တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရာ ကွင်းအတွင်းမှာ တောင်သူပညာပေးစိုက်ခင်းတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းအပြင် ဆီထွက်ပဲပုပ်စတဲ့ ဆီထွက်သီးနှံစိုက်ခင်းတွေ၊ ပြည်ပပို့ကုန်ဈေးကွက် အလားအလာကောင်းမွန်တဲ့ အစေ့ထုတ်ပြောင်းစိုက်ခင်းတွေ၊ ငရုတ်နဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို တောင်သူတွေ တစုတစည်းတည်း လေ့လာနိုင်အောင် စိုက်ပျိုးပြသထားရှိမှာဖြစ်ပါတယ်။ ပြခန်းတွေအနေနဲ့လည်း ဘိုးဘွားတွေလက်ထက်က အသုံးပြုခဲ့တဲ့ မိရိုးဖလာလယ်လုပ်ကိရိယာတွေ ပြသထားမည့်အပြင် ခေတ်မီလယ်ယာသုံး စက်ကိရိယာတွေ၊ တန်ဖိုးမြှင့်လယ်ယာထွက်ကုန်တွေ၊ မျိုးစေ့ဆိုင်ရာ ပြခန်းတွေ၊ မျိုးစေ့ထုတ်ကုမ္ပဏီပြခန်းတွေ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာပြခန်းတွေ၊ သစ်သီးဝလံပန်းမန်ပြခန်းတွေ၊ ထုတ်ကုန်တိုးမြှင့်နိုင်ရေးအတွက် MSME ပညာပေးပြခန်းတွေ၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများမှ တောင်သူအကျိုးပြုပညာပေးပြခန်းတွေ၊ ဌာနဆိုင်ရာပြခန်းတွေ၊ အဆင့်မြင့်ရေသွင်းနည်းစနစ်နှင့် ပစ္စည်းများပြခန်းတွေ၊ Digital Corner တွေ၊ ဒေသတွင်းထုတ်ကုန်ပစ္စည်းသုတေသနနှင့် ဈေးကွက်သုတေသနပြခန်းတွေ၊ ဆိုလာစနစ်သုံး ရေပေးနည်းစနစ်များ ပြခန်း၊ ငါးမွေးမြူရေးဆိုင်ရာ ပြခန်းတွေ၊ မွေးမြူရေးဆိုင်ရာ ပြခန်းတွေအပြင် တောင်သူနှီးနှောဖလှယ်ပွဲ၊ ထူးချွန်တောင်သူနှင့် ထူးချွန်ဝန်ထမ်းဆုချီးမြှင့်ခြင်းတွေ၊ စကားဝိုင်းဆွေးနွေးပွဲတွေ၊ အောင်နိုင်တိုးစပါးမျိုးအကြောင်း သက်ဆိုင်ရာပညာရှင်က ရှင်းလင်းဆွေးနွေးခြင်းတွေအပြင် ဒီနှစ်မှာ ထူးခြားမှုတစ်ခုအနေနဲ့ တောင်သူလယ်သမားနေ့နဲ့ တစ်ဆက်တည်းဧရာဝတီပေါ်ဆန်းတစ်ခေတ်ဆန်း ရမည်ဆိုတဲ့ခေါင်းစဉ်နဲ့ ပေါ်ဆန်းဖိုရမ်ကိုလည်း ခမ်းခမ်းနားနား ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဦးမြင့်ကြိုင် ညွှန်ကြားရေးမှူး တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီ၊ နိုင်ငံ့စပါးကျီဧရာဝတီဖြစ်တာနဲ့အညီ ရေတော်မိုးတော်လယ်မြေတွေသာမက စပါးစိုက်ပျိုး၍ရနိုင်တဲ့ သဲဆန်ကုန်ကြော မြေတွေနဲ့ ရေကြီးကွင်း၊ ရေနက်ကွင်းဒေသတွေကိုပါ ဖော်ထုတ်စိုက်ပျိုးလျက်ရှိပါတယ်။ ပင်လယ်ဆားငန်ရေ ဝင်ရောက်နိုင်တဲ့ ဒေသတွေမှာလည်း ရေငန်တားတမံတွေပိတ်ပြီး စပါးတွေ နှစ်စဉ်တိုးချဲ့ဖော်ထုတ် စိုက်ပျိုးလျက်ရှိပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီမှာ တိုင်းဒေသကြီးအတွင်း မိုးစပါး ၃၇၅၇၁၇၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါးကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ ၁၄၇၆၈၃၃ ဧက စိုက်ပျိုးထားရှိပြီး ဆက်လက်စိုက်ပျိုးလျက်ရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ မိုး စပါး၊ နွေစပါးသာမက ပြည်ပပို့ကုန် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ စသဖြင့် အမယ်စုံသီးနှံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် မတ်ပဲသီးနှံတွေကိုလည်း အဓိကထားတိုးချဲ့စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ ၉၂၈၅၈ ဧက၊ နှမ်း ၂၂၉၁၂ ဧကနှင့် မတ်ပဲ ၁၀၃၇၁၁၉ ဧကအထိ တိုးချဲ့စိုက်ပျိုးလာခဲ့ပါတယ်။ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဆင့်ဆင့်မှ တောင်သူတွေရဲ့ လိုအပ်ချက်တွေကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးမှုကြောင့် နွေစပါးနှင့် အစေ့ထုတ်ပြောင်း တစ်ဧကအထွက်နှုန်းမှာ ပန်းတိုင်ရည်မှန်းချက်သို့ ရောက်ရှိခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးအတွက် ဆီပဲပုပ်ဧက တစ်သိန်းအား ၂၀၂၅-၂၀၂၆ ခုနှစ် တွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဆီပဲပုပ်ကို သီးနှံတစ်မျိုးတည်းသော်လည်းကောင်း၊ ပဲကြီးသီးနှံနှင့်လည်းကောင်း ရောနှောစိုက်ပျိုးရာတွင် တောင်သူတွေအနေနဲ့ အကျိုးအမြတ်ရရှိပြီး တိုင်းဒေသကြီးအနေနဲ့ ဆီဖူလုံရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

တောင်သူ လယ်သမားတွေ သားစဉ်မြေးဆက်အဆက်ဆက် ဘဝအာမခံချက်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနဲ့အညီ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူလယ်သမားတွေ ပုံမှန်လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ လယ်ယာမြေဧက ၃၉၇၂၀၅၉ ဧကကို တောင်သူ ၇၁၄၆၅၈ ဦးသို့လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ လုပ်ငန်းဌာနတွေမှ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့ပြီး ပြန်လည်စွန့်လွှတ်ခဲ့သည့် ၄၈၄၂၂ ဧကကို တောင်သူ ၆၁၈၆ ဦးသို့လည်းကောင်း၊ သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့ သစ်တောပယ်ဖျက်ဧရိယာ ၂၆ဝ၇၈၂ ဧကကို တောင်သူ ၂၀၅၅၉ ဦးသို့လည်းကောင်း၊ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့ ၁၀၃၉ ဧကကို တောင်သူ ၅၇ ဦးသို့လည်းကောင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) တွေ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်မှာ စုစုပေါင်းစိုက်ပျိုး ဧရိယာ ၄၂၈၂၃၀၂ ဧကကို တောင်သူ ၇၄၁၄၆၀ တို့အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)တွေ ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

ဒေါက်တာမိုးမိုးခိုင် ညွှန်ကြားရေးမှူး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဧရာဝတီ တိုင်းဒေသကြီးဟာ နှစ်စဉ် မတ်လ ၂ ရက်နေ့တိုင်း တောင်သူလယ်သမားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့တာပဲဖြစ်ပါတယ်။ ယခုနှစ် (၆၃)ကြိမ်မြောက် တောင်သူလယ်သမားနေ့မှာ ကျွန်မတို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ မွေးမြူရေးဆိုင်ရာ ပြကွင်းပြကွက်တွေကို ပူးပေါင်းပါဝင်ပြသသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော နိုင်ငံဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးဟာလည်း ရေမြေသဘာဝကျယ်ဝန်းကောင်းမွန်ပြီး တိရစ္ဆာန်အစာများ ပေါများ၍ မွေးမြူရေးလုပ်ငန်းအတွက် ရေခံမြေခံကောင်းများ ရှိသည်နှင့်အညီ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ စသည့်တိရစ္ဆာန်မျိုးစုံမွေးမြူထားရှိပြီး ဖြစ်ပါတယ်။

တိုင်းဒေသကြီးအတွင်းမှာ စားရေရိက္ခာဖူလုံသည်သာမက တိုင်းဒေသကြီးပြင်ပသို့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့နိုင်သည်အထိ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ဝန်ဆောင်မှုရငွေတွေ ရှာဖွေပေးနေတယ်။ မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းတစ်တိုင်းလည်း ဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားမှာတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မွေးမြူထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မွေးမြူထားတဲ့ တိရစ္ဆာန်အမျိုးအစားအလိုက် နှစ်စဉ်မွေးမြူထုတ်လုပ်မှု ထူးချွန်လုပ်ငန်းရှင်ဆုတွေ၊ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်တွေနဲ့အညီ မွေးမြူထုတ်လုပ်တဲ့ မွေးမြူရေးခြံဂုဏ်ပြုဆု၊ တိရစ္ဆာန်ကျန်းမာရေးနဲ့ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဝန်ဆောင်မှုရငွေအများဆုံး ပေးသွင်းတဲ့ လုပ်ငန်းရှင်ဆုတွေ ပေးအပ်ချီးမြှင့်၍ ဒီနှစ်ဆွေးနွေးပြောကြားမည့် စကားဝိုင်း၏ ဆောင်ပုဒ်နဲ့အညီ ထုတ်ကုန်နှစ်ဆတိုးမြှင့်ခြင်းကနေ ပို့ကုန်နှစ်ဆတိုးတက်တင်ပို့နိုင်သည်အထိ မွေးမြူထုတ်လုပ်မှုလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားမြှင့်တင်ပေးနိုင်မယ့် ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

တောင်သူ လယ်သမားနေ့အခမ်းအနားကျင်းပရာနေရာဖြစ်တဲ့ ဝါးဒူးကွင်းမှာဆိုရင် မွေးမြူသူ ပညာပေးနည်းစနစ်အနေနဲ့ ကျွန်မတို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘဲမွေးမြူသူတွေသို့ မှာယူဖြန့်ဖြူးပေးတဲ့ ဥစားဘဲဖြစ်တဲ့ ကာကီကင်းဘဲမျိုးတွေကို လက်တွေ့မွေးမြူနည်းစနစ်အား အသိပညာပေးလုပ်ငန်းတွေအနေနဲ့ ပြသထားရှိမှာပဲဖြစ်ပါတယ်။ မွေးမြူသူအကျိုးပြုပညာပေးပြခန်းအနေနဲ့ တိရစ္ဆာန်အစာပင်စိုက်ခင်းတွေ၊ မျိုးမြှင့်တင်ခြင်းလုပ်ငန်းအတွက် မေထုန်မဲ့သားစပ်လုပ်ငန်းသုံးပစ္စည်းတွေ၊ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် ကာကွယ်ဆေးတွေ၊ ကုသဆေးဝါးတွေ၊ ပညာပေးလက်ကမ်းစာစောင်တွေ၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု Video တွေကို ခင်းကျင်းပြသထားရှိမှာပဲ ဖြစ်ပါတယ်။

ဦးမြင့်ဝေ တောင်သူ ဝါးဒူးကျေးရွာ အုပ်စု အနောက်စုလေးကျေးရွာ

ကျွန်တော်တို့ ကျေးရွာမှာ တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပပြုလုပ်တဲ့အတွက် လွန်စွာမှ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တောင်သူတွေအတွက်လည်း များစွာအထောက်အကူဖြစ်စေပါတယ်။ စိုက်နည်း၊ ပျိုးနည်း၊ သုံးစွဲနည်းအစရှိတာတွေကိုလည်း သိရှိရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီတောင်သူလယ်သမားနေ့ အခမ်းအနားမှာ သက်ဆိုင်ရာတာဝန်ရှိ သူတွေက ပြခန်းတွေ ပြသထားရှိ ပေးမှာဖြစ်တဲ့အတွက် လယ်ယာသုံးစက်ပစ္စည်းကိရိယာတွေ၊ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ၊ ဓာတ်မြေဩဇာတွေ အစရှိတဲ့ အရာတွေကို လေ့လာခွင့်ရမှာဖြစ်တဲ့အပြင် မွေးမြူရေးနှင့် ကုသရေးဦစီးဌာနကနေပြီးတော့ တိရစ္ဆာန်မွေးမြူရေးနဲ့ ပတ်သက်တဲ့ ပြခန်းတွေ ပြသမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ တောင်သူလယ်သမားတွေကို များစွာအကျိုး ကျေးဇူးတွေ ဖြစ်ထွန်းစေမှာ သေချာပါတယ်။ ဒီတောင်သူလယ်သမားနေ့အခမ်းအနားကို လာရောက်လေ့လာကြည့်ရှုကြဖို့ တောင်သူဦးကြီးတွေကိုလည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။

ဒေါ်ခင်နှင်းဆီ တောင်သူ ဝါးဒူးကျေးရွာအုပ်စု အနောက်စုကြီးကျေးရွာ

ကျွန်မအနေနဲ့ ပထမဦးစွာ ပြောကြားလိုတာကတော့ ကျွန်မတို့ရွာမှာ တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပေးတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးပင် တင်ရှိပါတယ်။ ကျွန်မတို့ရွာမှာ တောင်သူလယ်သမားနေ့ အခမ်းအနားပြုလုပ်ခွင့်ရတဲ့အတွက်လည်း များစွာဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာကြောင့်ဆို ကျွန်မတို့ရွာမှာ တောင်သူလယ်သမားနေ့အခမ်းအနား ပြုလုပ်ခြင်းကြောင့် စိုက်ပျိုးရေးဦးစီးဌာနက သဘာဝပစ္စည်းတွေနဲ့ စိုက်ပျိုးထားတဲ့ သီးပင်စားပင်နဲ့ သစ်ပင်ပန်းမန်တွေ၊ နေကြာ၊ ဂေါ်ဖီ၊ ဘူးသီး အစရှိတာတွေကို စိုက်ပျိုးပြသပေးထားတဲ့အတွက် တောင်သူတွေအနေနဲ့ နည်းပညာတွေလေ့လာခွင့်ရရှိမှာဖြစ်သလို အဲဒီနည်းပညာတွေကို ပြန်လည်အသုံးချမယ်ဆိုရင် ကျွန်မတို့ တောင်သူတွေအတွက် များစွာအကျိုးရှိမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာဌာနဆိုင်ရာပြခန်းတွေနဲ့ လယ်ယာသုံးစက်ကိရိယာပြခန်းတွေကိုလည်း ထည့်သွင်းပြသပေးသွားမယ်လို့ သိရပါတယ်။ လယ်ယာသုံးစက် ပစ္စည်းကိရိယာပြခန်းတွေပါတဲ့အတွက် ကျွန်မတို့လယ်ယာမြေမှာ အသုံးပြုဖို့ စက်ပစ္စည်းတွေကို လေ့လာဝယ်ယူနိုင်မှာဖြစ်ပြီး‌ တောင်သူတွေအတွက် များစွာအကျိုးရှိမှာဖြစ်သလို စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေလည်း များစွာရရှိနိုင်မှာ ဖြစ်ပါတယ်။