နေပြည်တော် မတ် ၁၄
တောင်သူများ ပူးပေါင်းပါဝင်သော ဆင်းရွှေကြာ - ၂ နေကြာမျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ် ဘဲကုန်းစံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးသည်။
တောင်သူများနှင့်တွေ့ဆုံ
ကွင်းသရုပ်ပြပွဲ၌ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နေကြာသီးနှံသည် စိုက်ပျိုးရေး ဂေဟစနစ် ကောင်း၊ မကောင်းကို ညွှန်ပြပေးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ပျက်စီးနေသည့် ဂေဟစနစ်ကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ နေကြာကို သင့်တော်သည့် သီးနှံပုံစံတွင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပျား၊ ပိတုန်း၊ လိပ်ပြာ စသည့် ဝတ်မှုန်ကူးမှုကို အထောက်အကူပြုသည့် ပိုးမွှားများ များပြားလာကာ သီးနှံများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း၊ သီးလှည့်စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးပြီး စိုက်ပျိုးနိုင်သည့် သီးနှံများကိုစာရင်းပြုစုကာ ပညာရှင်နှင့်တောင်သူများ အားလုံးပူးပေါင်းညှိနှိုင်း၍ လူထုအခြေပြုသီးလှည့်စနစ်ကို ဆောင်ရွက်နိုင်ရေး စီမံကိန်းရေးဆွဲခြင်း၊ စီမံချက်ချမှတ်ခြင်းများ စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သီးလှည့်စနစ်အောင်မြင်စွာ ကျင့်သုံးနိုင်စေရန် မျိုးစေ့စနစ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း။
အစေ့ထုတ်ပြောင်းစိုက်ပျိုး
အဆိုပါစီမံကိန်းများ ရေးဆွဲရာတွင် ဒေသရေမြေရာသီဥတုအရ ဖြစ်ထွန်းနိုင်ခြင်း၊ ဈေးကွက်ရှိခြင်း၊ ဂေဟစနစ် ပြန်လည်ထိန်းညှိပေးနိုင်မှု၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနိုင်မှု၊ ပိုးမွှားရောဂါများ၏သံသရာကို ဖြတ်တောက်ပေးနိုင်ရေး စသည့်အချက်များကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ ယခုအခါနိုင်ငံတကာတွင် စပါးအပြီး အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးခြင်းသည် အထူးရေပန်းစားလျက်ရှိကြောင်း၊ စပါးအပြီး မည်သည့်သီးနှံကို စိုက်ပျိုး လုပ်ကိုင်သည်ဖြစ်စေ ဖြည့်စွက်ရေနှစ်ကြိမ်ခန့် ပေးသွင်းနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် အရင်းကျေသီးနှံများကို ကန်သင်းနှင့် စိုက်ခင်းဘေးပတ်လည်တွင် စိုက်ပျိုးရေးနှင့် သစ်စိမ်းမြေဩဇာသီးနှံများကိုလည်း သင့်တော်သည့် နည်းလမ်းဖြင့် ထည့်သွင်းစိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ နေကြာသီးနှံကို မိမိမျိုး မိမိထုတ်သည့်စနစ်ဖြင့် တောင်သူများကိုယ်တိုင် မိမိစိုက်ခင်းမှ စံပွင့်များအား မျိုးခံမျိုးချန်သည့်စနစ်ကို နှစ်စဉ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဖြေကြားဆွေးနွေး
ယင်းနောက် စိုက်ပျိုးရေးတက္ကသိုလ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသီများ၊ ပျဉ်းမနား၊ လယ်ဝေးနှင့် သီရိငါးမြို့နယ်တို့မှ တောင်သူများနှင့်အတူ ဆင်းရွှေကြာ - ၂ နေကြာ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း မျိုးခံမျိုးချန် အသုံးပြုနိုင်မည့် စံပွင့်များကိုကြည့်ရှုကြပြီး တောင်သူကြီးများ၏ မေးမြန်းချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ပညာရှင်ဝန်ထမ်းများက ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်