နေပြည်တော် မတ် ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေ ၅ နာရီခွဲတွင် ဝန်ကြီးဌာနမျက်နှာစာ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီးများနှင့် အငြိမ်းစားအရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ယနေ့ကျင်းပသည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ဝန်ကြီးဌာန တည်ထောင်ဖွဲ့စည်းခဲ့သည့် ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အမှတ်ရစေရန်နှင့် ခိုင်မာကောင်းမွန်ခဲ့သည့် ဝန်ကြီးဌာန၏ သမိုင်းကြောင်းနှင့် အစဉ်အလာကောင်းများကို ပြန်ပြောင်းအမှတ်ရစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဖွဲ့စည်းထူထောင်သည့်ကာလ(၇၈) နှစ်ရှိပြီဖြစ်သော်လည်း မြန်မာတို့သည် သံခင်းတမန်ခင်းကို နိုင်ငံ၏အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရန် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ကျင့်သုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိ ချိန်မှစ၍ နိုင်ငံ့တာဝန်ကိုယူခဲ့သည့် အစိုးရအဆက်ဆက်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးခဲ့ကြောင်း၊ အမည်နာမများ မည်သို့ပင်ပြောင်းလဲစေကာမူ လွတ်လပ်မှုနှင့် ဘက်မလိုက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုဆိုသည့် သဘောတရားများသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အနှစ်သာရများအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်ကစတင်၍ နိုင်ငံတကာဆက်ဆံရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အခြားဒေသတွင်း အဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိသည့် ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ကျေပွန်စွာ ထည်ထည်ဝါဝါ ရပ်တည် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိက တာဝန်သည် နိုင်ငံတော်ကချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို သံခင်းတမန်ခင်းနည်းလမ်းနှင့် ကာကွယ်မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတော်ကချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးရန်လည်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရ၏လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့အတူ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်တွင်း၊ ပြည်ပ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံခြားရေးဝန်ထမ်း(သံတမန်)များ စောင့်ထိန်းလိုက်နာသင့်သည့် ကျင့်ဝတ်၊ ထားရှိသင့်သည့် စိတ်ထားများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည့်အပြင် နိုင်ငံတော်နှင့် မိခင်ဝန်ကြီးဌာန၏ မူဝါဒများကိုကောင်းစွာသိရှိလိုက်နာကြရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာအခြေ အနေများကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနတွင်း ကျင်းပခဲ့သည့် ဒီဇင်ဘာလအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ဝန်ထမ်းများအတွက် အထူးဆု ၁၀ ဆုနှင့် ဆုမဲကြီး ၆၈ ဆု အပါအဝင် ဗလာမပါကံစမ်းမဲများ မဲဖောက်ခြင်းတို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ယင်းနောက် အခမ်းအနား သို့တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်အတူတကွ ညစာသုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမျိုးသမီးငယ်များက ယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်း၊ ဝါသနာရှင်ဝန်ထမ်းများက တေးသံသာများဖြင့် သီဆို ဖျော်ဖြေခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်