နေပြည်တော် ဇွန် ၁၉
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိတံတားဂိတ်၌ စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိတံတားဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဇွန် ၁၈ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် သထုံဘက်မှ ယာဉ်မောင်း ကျော်မင်းနိုင် (ခ) သိန်းဇော် (၃၅)နှစ် မောင်းနှင်လာသည့် PAJERO အမျိုးအစား ခဲရောင်မော်တော်ယာဉ်၊ လိုင်စင် (စိစစ်ဆဲ) အား စစ်ဆေးရာ မော်တော်ယာဉ်၏ နောက်ခန်းကြမ်းခင်းအံဝှက်အတွင်း အကြည်ရောင်ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုး၍ အဖြူရောင်မှိုင်းခံစက္ကူအတွင်း အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် တစ်အိတ်လျှင် အပြား ၂၀၀ စီပါ အိတ် ၁၃၂၀ (WYစာတန်းပါ) စိတ်ကြွဆေးပြား အပြား ၂၆၄၀၀၀၊ မော်တော်ယာဉ်၏ ရှေ့ညာဘက်ဘီးဖုံးအပေါ် အံဝှက်အတွင်းမှ အကြည်ရောင်ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုး၍ အဖြူရောင်မှိုင်းခံစက္ကူအတွင်း အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက်တစ်အိတ်လျှင် အပြား ၂၀၀ စီပါ အိတ် ၅၄၀ (WY စာတန်းပါ) စိတ်ကြွဆေးပြား အပြား ၁၀၈၀၀၀ နှင့် မော်တော်ယာဉ်၏ ရှေ့ဘယ်ဘက် ဘီးဖုံးအပေါ်အံဝှက်အတွင်းမှ အကြည်ရောင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုး၍ အဖြူရောင်မှိုင်းခံစက္ကူအတွင်း အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် တစ်အိတ်လျှင်အပြား ၂၀၀ စီပါ အိတ် ၄၇၀ (WY စာတန်းပါ) စိတ်ကြွဆေးပြား အပြား ၉၄၀၀၀ စုစုပေါင်း (WY စာတန်းပါ) စိတ်ကြွဆေးပြားအပြား ၄၆၆၀၀၀ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၃၉၈၀ ခန့်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူနှင့် ဖမ်းဆီးရမိ မော်တော်ယာဉ်တို့ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန် လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
