Skip to main content

အမှိုက်ကစ.....

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြင်ဦးလွင်ပန်းပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ စည်းကမ်းမဲ့စွာ စွန့်ပစ်ခဲ့သည့် အမှိုက်သရိုက်မျိုးစုံတို့ကြောင့် အကျည်းတန် အရုပ်ဆိုးနေရသည့် မြင်ကွင်း ၊ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။ လှပစွာပြင်ဆင်ထားသည့် ပန်းပွဲတော်၏ ပြကွင်းပြကွက်များ၊ မြက်ခင်းများ၊ လျှောက်လမ်းများနှင့် ရေကန်များ၏ ရေမျက်နှာပြင်များပေါ်တွင်ပါ အမှိုက်များစွာတို့ကို မြင်မကောင်းလောက်အောင်ပင် ထုနှင့် ထည်နှင့် စည်မဲ့ ကမ်းမဲ့ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် ယခင်က သင်္ကြန်ကာလတွင်သာ အစိုးရရုံးပိတ်ရက် ရှည်ကြီးပိတ်ခဲ့ရာမှ အဆိုပါ သင်္ကြန်ရုံးပိတ်ရက်ရှည်ကြီးကို လျှော့ချလိုက်ပြီး ရုံးပိတ်ရက်များကို ပြောင်းလဲလိုက်ခြင်းကြောင့် သီတင်းကျွတ် ရုံးပိတ်ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်များ ထွက်ပေါ်လာပြီး ပြည်တွင်း ခရီးသွားမှုများ ပိုမိုများပြားလာခဲ့သည်။ ငွေဆောင်၊ ချောင်းသာ၊ ကျိုက္ခမီ စက်စဲ၊ ထားဝယ် မောင်းမကန် စသည့် ကမ်းခြေဒေသများ၊ အင်းလေး၊ အင်းတော်ကြီး စသည့် ထူးခြားသည့် ဝန်းကျင်ဒေသများ၊ ပုဂံညောင်ဦး၊ ရွှေစက်တော်၊ ကျိုက်ထီးရိုး စသည့် ဘုရားဖူးခရီးစဉ်များ၊ တောင်ပေါ် မြေပြန့်ဒေသ အသီးသီးရှိ မြို့ပြဒေသများစွာတို့မှာ ခရီးသွားရာသီများတွင် ပြည်တွင်းခရီးသွားများ ယခင်ထက်ပို၍ ခရီးသွားလာမှု ပြုလာကြသည်။ လမ်းပန်းဆက်သွယ်ရေးများယခင်ထက် ကောင်းမွန်လာခြင်း၏ရလဒ် လည်းဖြစ်သည်။

ခရီးသွားလာမှု များလာခြင်းနှင့်အတူ တွေ့ရှိလာရခြင်းမှာ အမှိုက်ကို စည်းကမ်းမဲ့စွာ စွန့်ပစ်ကြသည့် ပြဿနာဖြစ်သည်။ မိမိလက်ထဲတွင် ဆက်၍ ကိုင်ထားရန်မလိုတော့သည့် ပလတ်စတစ် အိတ်ခွံတစ်ခု သို့မဟုတ် ဖော့ဘူးခွံတစ်ခုကို စွန့်ပစ်လိုက်ခြင်းသည် ရေးကြီးခွင်ကျယ် ကိစ္စတစ်ခုမဟုတ်ဟူ၍ ယူဆကြသည်နှင့်အမျှ စွန့်ပစ်လိုက်ကြသည့် - အမှိုက်များစွာတို့မှာ လမ်းများ၏ဘေးတစ်လျှောက်၊ ဝိုင်းဖွဲ့စားသောက်ခဲ့သည့်နေရာများ၊ လူစုလူဝေး လုပ်ခဲ့သည့်နေရာများမှာ မြင်မကောင်းအောင် ကျန်ရစ်ခဲ့ကြသည်။ တောတောင်ရေမြေ သဘာဝအလှကြီးလှသည့် နေရာမျိုးများမှာပင် အမှိုက်များကြောင့် တန်ဖိုးလျော့ကျရသည်။

“လမ်းမှာ အမှိုက်တွေ ပစ်ထားတာ တွေ့ပါတယ်။ အဲဒါတွေကို မလုပ်ကြပါနဲ့လို့ ပြောပါရစေ။ ကိုယ့်ရဲ့ နိုင်ငံကို တန်ဖိုးထားပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ။ ကျွန်မတို့က လမ်းမှာ အမှိုက်ပစ်ထား တာကိုတွေ့ရင် ချက်ချင်းစိတ်ထဲမှာ အမှိုက်ပစ်သွားပြန်ပြီဆိုပြီး မကျေနပ်ဘူး။ ဒါက ကျွန်မတို့ နိုင်ငံသားတွေ ပစ်ထားတဲ့အမှိုက်တွေမို့လို့ မကျေနပ်တာ။ တခြားသူလာပစ်တဲ့ အမှိုက်ဆိုရင် ဒီလောက် မကျေနပ်မှာမဟုတ်ဘူး။ ကြိုက်တော့ မကြိုက်ဘူးပေါ့။ ကိုယ့်ပြည်သူတွေက ကိုယ့်နိုင်ငံထဲမှာ ကိုယ့်နိုင်ငံ ရှုပ်ထွေးအောင် လုပ်တယ်ဆိုတာ ကျွန်မ မကြိုက်ဆုံး ကိစ္စပဲ” ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ (ပင်လယ်လေး) တံတားဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမှိုက်များကို ထင်ရာမြင်ရာ အလွယ်တကူ စွန့်ပစ်ခြင်းက ကျင့်ဝတ်နှင့်စည်းကမ်းကို သိရှိမှုနှင့် လိုက်နာမှုတို့ အားနည်းချို့ယွင်းနေခြင်း၏ ဥဒါဟရုဏ်တစ်ခုဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် အမှိုက် စွန့်ပစ်ခြင်း တစ်ခုသာမက အခြားအခြားသော လိုက်နာကျင့်သုံးဖွယ် ဆောင်ရန်ရှောင်ရန် ကျင့်ဝတ် စည်းကမ်းတို့ များစွာရှိနေသည်။ ပါးစပ်စည်းကမ်း၊ လက်စည်းကမ်း၊ အိမ်စည်းကမ်းမှစ၍ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ ရုံးစည်းကမ်း၊ ဈေးစည်းကမ်း၊ ရွာစည်းကမ်း၊ မြို့စည်းကမ်း၊ ဝန်ထမ်းစည်းကမ်း၊ အလုပ်သမား စည်းကမ်း စသည် စသည်ဖြင့် လူ့အဖွဲ့အစည်းနှင့် စပ်ဆိုင်သမျှတိုင်းမှာ စည်းကမ်းများစွာတို့ ရေး၍မကုန်လောက်အောင်ပင် များပြားသည်။ “ရဟန်း - ဝိနည်း၊ ရွာကြီး - စည်းရိုး၊ လူမျိုး - စည်းကမ်း” ဆိုသည့် စကားရပ်နှင့် “ မြန်မာတွေ စည်းကမ်း ဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ ” ဆိုသည့် အချုပ်တန်း ဆရာဖေ၏ တေးထပ် တစ်ပိုင်းတစ်စတို့က စည်းကမ်း၏ အရေးကြီးပုံကို ပြဆိုနေခြင်းပင်ဖြစ်သည်။

စည်းကမ်းသည် ဥပဒေ၏ အခြေခံသဘောဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားများ၏ အရည်အချင်းတစ်ရပ်မှာ စည်းကမ်း (လိုက်နာရိုသေခြင်းဖြစ်သည်။ ထို့ပြင် စည်းကမ်းဆိုသည်မှာ မိမိကိုယ် မိမိတာဝန်ယူခြင်းပင်ဖြစ်ရာ လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး လည်းဖြစ်သည်။ စည်းကမ်း ကောင်းမွန်သူအဖြစ် လူတိုင်းက မိမိကိုယ်ကိုယ်မြှင့်တင်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုလည်း တင့်တယ် နိုင်ကြပါစေကြောင်း။ ။