နေပြည်တော် မတ် ၂၄
“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးရက်တာ ကျင်းပလျက်ရှိသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင် အတတ်ပညာရှင်များက ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို လူထုအကြား အသိမြင်တိုးမြှင့်လာစေရန်၊ နိုင်ငံအတွင်း ပဋိပက္ခများအမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန်တိုးတက်လာနိုင်စေမည့် ရေတို၊ ရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ဆွေးနွေးကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး(ငြိမ်း)
ဒီကနေ့ ဆွေးနွေးပွဲကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ရပ်တန့်နေတဲ့လုပ်ငန်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမယ့်လမ်းကြောင်း၊ ဒါတွေကပြတ်တောက်နေတာဖြစ်တဲ့အတွက် အခုပြန်လည်စတင်တဲ့သဘောပါ။ လမ်းကြောင်းတစ်ခုအစဖြစ်ပြီး ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုဖြစ်လာမှာပါ။
ဆွေးနွေးပွဲမှာတော့ စီးပွားရေး၊ လုံခြုံရေးနဲ့၊ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်တာတွေကို သုံးရက်တာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီကထွက်လာတဲ့ ဆွေးနွေးချက်တွေကို NSPNC ကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြသွားမှာဖြစ်ပါတယ်။ နိုင်ငံအတွက်အကျိုးရှိတဲ့ ရလဒ်တွေဖြစ်လာမှာပါ။ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေဆောင်ရွက်ဖို့လိုသလဲ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာတွေမျှော်လင့်လို့ရနိုင်သလဲ ဆိုတာတွေ ထွက်ပေါ်လာမှာပါ။
ဒီနေ့အခြေအနေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေတဲ့ အချိန်ကာလအတွင်းမှာ တဖြည်းဖြည်းနဲ့ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်ပေါ်လာတယ်ဆိုတဲ့ ပုံသဏ္ဌာန်ပုံရိပ်ကို လူထုက အကဲခတ်လို့ရမှာပါ။ နောက်တစ်ခုကတော့ NUG၊ PDF တွေက ချက်ချင်းပဲ အာဏာပဲသိမ်းတော့မလို အချို့လူထုက ယုံကြည်မှုလွဲမှားခဲ့ကြပြီး လေးနှစ်တာကာလမှာ သူတို့မျှော်မှန်းသလို ဘာမှဖြစ်မလာတော့ တကယ်ဒုက္ခရောက်ရတာ ပြည်သူတွေပဲဆိုတာ လူထုကသိလာပြီး မျက်စိလည်နေတာကနေ လမ်းမှန်ဘက်ကို တဖြည်းဖြည်းနဲ့ ရောက်လာကြမှာပါ။ အခုလိုဆွေးနွေးပွဲတွေကနေ ထွက်လာတဲ့ Outcomes တွေကိုကြည့်ပြီး ပြည်သူလူထုအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတဲ့အနေအထားကို တွေ့လာမယ်လို့ ယူဆရပါတယ်။
ဗိုလ်မှူးကြီး ဝဏ္ဏအောင် အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ
နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ပုံဖော်ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်း ပြည်ပပယောဂတွေနဲ့ အဖျက်အမှောင့်ဆောင်ရွက်နေမှုတွေအပေါ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ကြသူတွေ၊ Stakeholder တွေ၊ ပညာရှင်တွေ၊ သတင်းမီဒီယာတွေ၊ ကဏ္ဍအသီးသီးက တက်ရောက်လာကြသူတွေက သူတို့ရဲ့အတွေ့အကြုံ၊ အမြင်သဘောထားမျှဝေခြင်းတွေ၊ အလွတ်သဘောကျယ်ပြန့်စွာ ဆွေးနွေးကြခြင်းတွေနဲ့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ သဟဇာတဖြစ်ရေးတို့မှာ အထောက်အကူဖြစ်စေဖို့ ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းကို သုံးရက်တာ ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ ဆွေးနွေးမယ့် ခေါင်းစဉ်အနေနဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍမှာတော့ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အနာဂတ်အလားအလာ၊ ပဋိပက္ခလျှော့ချရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပေါ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဒေသတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာ့ငြိမ်းချမ်းရေးအခန်းကဏ္ဍ၊ ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာတို့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
စီးပွားရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါတဲ့ကဏ္ဍ၊ ပဋိပက္ခလျှော့ချရေးကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာမှာ ဆက်စပ်တဲ့ကဏ္ဍတွေကို ထည့်သွင်းစဉ်းစားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုပုံဖော်ခြင်းတို့ကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းမှာ အလွှာအသီးသီးကနေရရှိလာတဲ့ အမြင်သဘောထား အကြံပြုချက်တွေ၊ ဘက်ပေါင်းစုံက ချဉ်းကပ်နိုင်မယ့်အခြေအနေတွေ၊ သတိထားရမယ့် စိန်ခေါ်မှုတွေနဲ့ အနာဂတ်မှာပေါ်ပေါက်လာနိုင်မယ့် ခြိမ်းခြောက်မှုတွေကိုသိရှိပြီး ငြိမ်းချမ်းရေးမှာ ပါဝင်သူတွေအကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တည်ဆောက်ပြီး ရရှိလာတဲ့ အကြံပြုချက်တွေကနေ ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မယ့်လုပ်ငန်းစဉ်တွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်တာတွေကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စောမြရာဇာလင်း၊ ဥက္ကဋ္ဌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)
နိုင်ငံရေးတည်ငြိမ်မှ၊ နိုင်ငံရေးတိုးတက်မှ ကျွန်မတို့လုံခြုံရေးကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျွန်မကတော့ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍမှာ အားဖြည့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲ ကျင်းပတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိမှာဖြစ်ပါတယ်။
ကျွန်မတို့ NCA ကို လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပခဲ့ကြတယ်။ ပင်လုံညီလာခံက သဘောတူညီ ချက်တွေကိုလည်း ပြန်လည်အကောင် အထည်ဖော်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးပေါ်မှာ သစ္စာတရားလက်ကိုင်ထားပြီး ရှေ့ဆက်ပြီး ချီတက်ရမှာဖြစ်ပါတယ်။ ကျွန်မအားသွန်ခွန်စိုက်ဆွေးနွေးဖို့ ငြိမ်းချမ်းရေးစကားဝိုင်းကို ရောက်ရှိလာရခြင်းဖြစ်ပါတယ်။
ဒီစကားဝိုင်းဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့်ရလဒ်တွေကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးကြီးပါတယ်။ စီးပွားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးသွားကြမယ်လို့ ယုံကြည်ထားပါတယ်။
ဒေါက်တာ အောင်မျိုး နိုင်ငံရေးလေ့လာသုံးသပ်သူ
လက်ရှိ နိုင်ငံမှာ ငြိမ်းချမ်းရေးလိုအပ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ NSPC က အခုလိုမျိုး ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်ပေးတာကို ကြိုဆိုပါ တယ်။ ကျွန်တော့်အနေနဲ့ ဒီစကားဝိုင်းဆွေးနွေးပွဲမှာ ခေါင်းစဉ်တစ်ခုနဲ့ ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက်ဆောင်ရွက်မလဲ၊ ၂၀၂၅ ရွေးကောက်ပွဲကို ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော်မလဲဆိုတဲ့အတွေးတွေ၊ အမြင်တွေ အများကြီးထွက်ပေါ်လာမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အားလုံးဝိုင်းဝန်းထောက်ခံပေးကြပါလို့ ပြောချင်ပါတယ်။
ဒေါက်တာ အောင်မြတ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ လုံခြုံရေးနဲ့ လူမှုအသိုက်အဝန်း ပြန်လည်တည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍနဲ့ စိန်ခေါ်မှုခေါင်းစဉ်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ ကမ္ဘာ့အခင်းအကျင်းကလည်း ပြောင်းလဲသွားပြီ။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကလည်း ဒါနဲ့လိုက်လျောညီထွေ ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လုံခြုံရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် သွားရမယ့်ပုံစံတွေကို ကြိုတင်ပြီး မှန်းဆတွက်ဆလို့ရအောင် ဒီဆွေးနွေးပွဲကို လုပ်တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲဟာ အစလို့ပြောလို့ရတယ်။ နောက်ပိုင်းဒီထက်အဖွဲ့စုံပါတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဆွေးနွေးမှုတွေကနေ တကယ်လုပ်ရမယ့် ကိစ္စရပ်တွေရဲ့ လမ်းကြောင်းတွေပေါ်လာတယ်။ ဆွေးနွေးချက်တွေနားထောင်ရင်း ကိုယ့်ခေါင်းထဲမှာ တခြားလုပ်နိုင်တာတွေ၊ စဉ်းစားမိလာတာတွေရှိတဲ့အတွက် ဒီဆွေးနွေးပွဲဟာ ကျွန်တော်တို့အတွက် အကျိုးရှိသလို နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
ဒေါ်လဲ့လဲ့သိန်း၊ ဒုတိယဝန်ကြီး(ငြိမ်း) အမှုဆောင်အဖွဲ့ဝင် မြန်မာနိုင်ငံ မဟာဗျူဟာ နိုင်ငံတကာလေ့လာရေး
ဒီကနေ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့အခါမှာ စီးပွားရေးကဏ္ဍဟာ အရေးပါအရာရောက်တဲ့ ကဏ္ဍတစ်ခုဆိုတာကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲမနက်ပိုင်းမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေက ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသလို ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ရမယ်။
ဒါ့အပြင် စီးပွားရေးတိုးတက်ရေးကိုလည်း ဆောင်ရွက်ရမယ်။ စီးပွားရေးတိုးတက်မှုကို ဆောင်ရွက်တဲ့အခါမှာ သူ့ကိုအထောက်အကူပြုမယ့် လူမှုရေး၊ နိုင်ငံရေးနဲ့ ကျန်တဲ့အချက်တွေဖြစ်တဲ့ ပညာရေးကဏ္ဍတွေ၊ ကျန်းမာရေးကဏ္ဍတွေအကုန်လုံးကို ဖြည့်ဆည်းဆောင်ရွက်မယ်။ စီးပွားရေးကဏ္ဍကြီးတစ်ခုပဲမဟုတ်ဘဲ ဆက်စပ်နေတဲ့ ကဏ္ဍတွေကိုပါ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမယ်။
ငြိမ်းချမ်းရေးအတွက်တင်မကဘူး၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ လိုအပ်တဲ့အချက်အလက်တွေ၊ အခြေအနေတွေ၊ ဒါ့အပြင် စီးပွားရေးတိုးတက်ဖို့အတွက် ကျွန်မတို့နိုင်ငံက စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့၊ စီးပွားရေးတိုးတက်ဖို့အတွက် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ အချက်တွေကိုပါ ဆွေးနွေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက်သာမက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအတွက်တွေပါ အကျိုးရှိတယ်လို့ ထင်ပါတယ်။
ဦးကိုကိုကြီး ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ
ဒီနေ့ဆွေးနွေးပွဲမှာ စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေ ဆွေးနွေးမှာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလို့ပြောတော့ Political Economy နိုင်ငံရေးနဲ့ စီးပွားရေးနဲ့က ဆက်စပ်နေတယ်။ လုံခြုံရေးနဲ့လူ့အဖွဲ့အစည်း လူမှုအသိုင်းအဝိုင်းကို ပြန်လည်တည်ဆောက်တဲ့ ကိစ္စတွေပေါ့။ နောက်ပြီး ရွေးကောက်ပွဲမှာ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ၊ စိန်ခေါ်မှုကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။
လက်ရှိနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့အတွက် ရွေးကောက်ပွဲက အရေးကြီးလာပါတယ်။ ဒါ့ကြောင့်လည်း ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍ၊ နောက်ပြီး ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအဲဒီကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အမြဲတမ်းကျွန်တော်တို့က တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုတဲ့ ယုံကြည်မှုခိုင်မာနေသရွေ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးမျှော်လင့်ချက် အားကောင်းနေမယ်။
အခုဆွေးနွေးပွဲကတော့ အထူးသဖြင့် ပြည်တွင်းက နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်တွေပါဝင်ပြီး စတင်ဆွေးနွေးမှုဟာ အစကောင်းတဲ့ခြေလှမ်းလို့ ကျွန်တော်တို့ မြင်ပါတယ်။ နောက်ပိုင်း ပိုပြီးကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားရင် အသံလည်းပိုစုံလာမယ်၊ ဘာပဲပြောပြော မူဝါဒချမှတ်တဲ့သူတွေ အတွက်တော့ စဉ်းစားစရာအချက်အလက်တွေလည်း ပိုပြီးတော့ ပြည့်စုံလာမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။
တွေ့ဆုံမေးမြန်း - သန်းကျော်အောင်
ဓာတ်ပုံ- ဂျိုင်းလော(သတင်းစဉ်)