နေပြည်တော် မတ် ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ တောင်သူဦးမောင်သင်၏ ပေါင်းစည်းလယ်ယာစိုက်ပျိုးထုတ်လုပ်မှုနှင့် မွေးမြူရေးခြံသို့ သွားရောက်၍ ခြံအတွင်း နို့စားနွား၊ ဒေသနွား၊ ဆိတ်၊ ငါး၊ ဒေသ ကြက်နှင့် ဘဲများ မွေးမြူထားရှိမှု၊ နွေစပါး စိုက်ပျိုးထားရှိမှုများနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာအတာသင်္ကြန်ပွဲတော် တပ်ကုန်းမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမရှိ အစိုးရဓမ္မာစရိယစာမေးပွဲစာဖြေဌာနသို့ သွားရောက်၍ အစိုးရဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ တပ်ကုန်းမြို့နယ် အနော်ရထာအုပ်စု ကွင်းအမှတ် (၁၄၁၄) အတွင်းရှိ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများတွင် ပြန်လည်စိုက်ပျိုးထားသည့် မြေပဲခင်းများနှင့် အောင်မြေရိပ်သာကျေးရွာအနီး ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် ရိုးရာခြင်းလုံးအားကစားအဖွဲ့တို့က အားကစားနည်းများအလိုက် သရုပ်ပြကစားကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အားကစားသရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မြို့နယ်ရှစ်မြို့နယ်အတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ သရုပ်ပြအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ အားကစားနည်း ၁၈ နည်း ပါဝင်သော ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို သင်တန်းသား သင်တန်းသူ ၂၈၁၀ ဖြင့် မတ် ၂၅ ရက်မှ ဧပြီ ၈ ရက်အထိ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်