Skip to main content

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် မတ် ၂၅

၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သွေးအလှူရှင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သွေးအလှူရှင်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးပြီး သွေးအလှူရှင်များက သတ်မှတ်နေရာများ၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများ ချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်