Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေး မတ် ၂၅

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်း၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ပြောကြား

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိကာ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအဆင့်ထိ တက်လှမ်းနိုင်စေရန်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်အဖြစ် ချမ်းမြသာစည်မြို့နယ်အသင်းနှင့် ညောင်ဦးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြရာ ချမ်းမြသာစည်မြို့နယ်အသင်းက ညောင်ဦးမြို့နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲများကို အောင်မြေမန္တလာကွင်းနှင့် ဗထူးအားကစားကွင်းတို့တွင် သက်ဆိုင်ရာပွဲစဉ်များအလိုက် ဧပြီ ၁၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်