Skip to main content

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြား အဆန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုံခြုံရေးကင်းလှည့် RGC ရထားအားလက်နက်ငယ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

နေပြည်တော် မတ် ၂၇

ယနေ့ ဖြူး- တောင်ငူလမ်းပိုင်း လုံခြုံရေးစစ်ဆေးသည့် RGC-125 သည် ညောင်ခြေထောက်ဘူတာမှ နံနက် ၇ နာရီ ၃၆ မိနစ် ထွက်ခွာလာပြီး ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြား မိုင် ၁၄၄/၁၀-၁၁ ခန့်အရောက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် သံလမ်းအနောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းဘက်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် RGC 125 စက်ခေါင်း၏ အနောက်ဖက်မှန်တစ်ချပ်ကွဲပြီး အနောက်ဖက်သံဘောင်တွင် ကျဉ်ထိမှန်ခဲ့ကြောင်းနှင့် အဆိုပါပစ်ခတ်မှုကြောင့် စက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

ထို့အတူ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၄၄/၁၀-၁၁ နေရာရှိ အဆန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အဆန်ရထားလမ်း ထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းအရ ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲရထားလမ်းပိုင်းအား ဧကလမ်းစနစ်အသုံးပြု၍ အစုန်လမ်းမှ နံနက် ၉ နာရီ ၁၈ မိနစ်အချိန်တွင် ရထားများအား ဖြတ်သန်းခွင့်ပြုထားကြောင်း သတင်းရရှိသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အဆန်လမ်းရှိ အနောက်ဘက်သံလမ်း(၁၀)ပေခန့် တွန့်ခေါက်သွားပြီး လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ ပျက်စီးခဲ့သည်။

မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆန်လမ်း၏ သံလမ်းအားလဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို ညနေ ၆ နာရီအချိန် အပြီးဆောင်ရွက်နိုင်ခဲ့ပြီး အဆန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆) ကြိမ် ကျူးလွန်ခဲ့ကြသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထားစီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။