နေပြည်တော် မတ် ၂၇
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr Pavel Nikoleaevich GUSEV နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရုရှား-မြန်မာ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာသည့်အခြေအနေများ၊ ပြည်သူ့ရေးရာကောင်စီအနေဖြင့် ရုရှားတပ်မတော်နှင့် ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လေ့လာရေးခရီးစဉ်များအဖြစ် နှစ်နိုင်ငံလူငယ်များကို အပြန်အလှန်စေလွှတ်ပေးရေး အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့ရေးရာကောင်စီမှ လာရောက်လေ့လာနိုင်သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)ရှိ ပြခန်းများအားလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။