နေပြည်တော် မတ် ၂၇
နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြမည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၂ ဦး နှင့် တတိယအဆင့် ၁ ဦး စုစုပေါင်း ၃ ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦးချင်းမေးမြန်းအားပေးစကားပြောကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ တစ်ဦးချင်းဂါရဝပြုချီးမြှင့်ငွေနှင့် အားဖြည့်ငှက်သိုက်များကို ကိုယ်တိုင်ကိုယ်ကျပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့သည် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များနှင့်အတူ လက်ဘက်ရည်နှင့် စားသောက်ဖွယ်ရာများအား အတူတကွသုံးဆောင်ခဲ့ကြသည်။
ယခု ၂၀၂၅ ခုနှစ်တွင် ကျရောက်သော နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိနေသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များဖြစ်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးအေးသိန်းသည် အသက် ၉၇ နှစ်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးဘချောသည် ၉၇ နှစ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးကျော်စိန်သည် အသက် ၁၀၀ နှစ်များဖြစ်ကြပြီး ကျန်းမာသန်စွမ်းလျက်ရှိကြောင်းနှင့် ဂျပန်ခေတ်တော်လှန်ရေးများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့မှုများကို ပြန်လည်ပြောပြရင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ကိန်းအောင်းလျက်ရှိကြကြောင်း သတင်းရရှိသည်။