နေပြည်တော် ဧပြီ ၉
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဥမင်ကိုးဆယ်စေတီတော်ကြီးနှင့် သာသနိကအဆောက်အအုံများ၊ ဟံသာဂီရိဘုန်းတော်ကြီး ကျောင်းတိုက်ကြီးနှင့် လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီး၊ စစ်ကိုင်းမြို့ရိုင်တန်းရပ်ကွက် ရှိ RC CHURCH ကျောင်းနှင့် မင်းလမ်းရပ်ကွက်ရှိ မြို့တော်ဗလီ၊ မိုးကျဗလီ၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ နေအိမ်တိုက်တာများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများက လည်းကောင်း၊ စစ်ကိုင်းမြို့ စီတီးရပ်ကွက်ရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်၊ စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ သာသနိကအဆောက်အအုံများ၊ အရန်စေတီများ၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၊ တကောင်းရပ်ကွက်ရှိ မဟာစေတီကြီးဘုရားနှင့် စစ်ကိုင်းမြို့ သောတပန်းရပ်ကွက် သံပုဏ္ဏာရာမကျောင်းတိုက်တို့အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများကလည်းကောင်း သွားရောက်ကြည့်ရှု၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုများနှင့် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေဖြန့်ဝေနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အေးမြဝတီရပ်ကွက်ရှိ အထွေထွေရောဂါကုဆေးရုံ (ခုတင်-၂၀၀) သို့ သွားရောက်၍ ဆေးကုသမှုခံယူလျက်ရှိသော ရဟန်းရှင်လူပြည်သူများအား တွေ့ဆုံအားပေးပြီး ဆေးရုံရှိတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
သန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှု
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့သို့ရောက်ရှိနေသော အိန္ဒိယနိုင်ငံမှ Colonel RAKESH KADEKHAR ဦးဆောင်သော ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့များအား သွားရောက်တွေ့ဆုံ၍ စစ်ကိုင်းတံတား (အင်းဝ) ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော Sky Villa၊ မန္တလေးတောင်တော်ရှိ တန်ဆောင်းများ၊ အရန်စေတီများနှင့် ဓာတ်လှေကားနေရာများ၊ စန္ဒမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ အတုမရှိရွှေကျောင်းနှင့် မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေရာများနှင့် မြို့တွင်းလမ်းမကြီးများသို့လည်းကောင်း သွားရောက်ကြည့်ရှု၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းသာရဘုရားကြီး၊ အမရပူရမြို့နယ် ဆင်ဖြူမယ်ကျောင်းတိုက်၊ ချမ်းမြသာစည်မြို့နယ် တပ်မတော်စည်သွတ်စက်ရုံ၊ နန်းမြို့ရိုးနေရာများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
စားသောက်ဖွယ်ရာများပေးအပ်
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောက်ဆည်မြို့၊ ရွှေသာလျောင်းတောင်ပေါ်စေတီ၊ ကျောက်သေတ္တာစေတီတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး တည်ရှိမှုအခြေအနေ၊ ကြောင်ပန်းကုန်းအတွင်းရှိ သမိုင်းဝင်တမုတ်ရှင်ပင် ရွှေဂူဘုရားကြီး သွားရောက်ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် အာဟာရပြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတား၊ အဆောက်အအုံများ အမြန်ဆုံးပြန်လည်တည်ဆောက်မည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြသည်။
ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်
အလားတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်မှုထမ်းဟောင်းအိမ်ရာများနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
အလှူငွေများ ပေးအပ်လှူဒါန်း
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရေးအတွက် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်