Skip to main content

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင် ရေးဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းသားကျောင်းသူ ၉ သန်း ကျော်နှင့် ဆရာ ဆရာမ ၄ သိန်းကျော်အတွက် ကျောင်းသုံးစာအုပ် သန်း ၁၁၀ ကျော်ကို ရိုက်နှိပ်ထုတ်ဝေရန် ပညာရေးဝန်ကြီးဌာနက လုပ်ငန်းအပ်နှံထားပါကြောင်း။

လုပ်ငန်းအပ်နှံသည့် ကျောင်းသုံးစာအုပ် သန်း ၁၁၀ ကျော်မှ ကျောင်းသုံးစာအုပ် သန်း ၄၀ ကျော်ကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပါကြောင်း၊ ကျန်ရှိ သည့် ကျောင်း သုံးစာအုပ် သန်း ၇၀ ကျော်ကို ရိုက်နှိပ်ထုတ်ဝေရန် အတွက်   နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ပါ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ  ပြင်ပပုံနှိပ်လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ ရွေးချယ်ပြီး လုပ်ငန်းများအပ်နှံ ခဲ့ပါကြောင်း။

ယှဉ်ပြိုင်ခွင့်ရှိသည့်လုပ်ငန်းရှင်အားလုံးကိုခွဲခြားမှု မရှိဘဲ သိက္ခာရှိ စွာဖြင့် ပါဝင် ယှဉ်ပြိုင် ခွင့်ရအောင် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များကို တင်ဒါ စည်းမျဉ်းစည်းကမ်းများ စာချုပ်ပါ ကတိကဝတ်များနှင့် အညီ ဆောင်ရွက်စေ ခဲ့ပါကြောင်း၊  တစ်ချိန်တည်းမှာပင် ယင်းတို့  အနေဖြင့် စည်းမျဉ်းစည်းကမ်း ကတိကဝတ်များနှင့်ညီညွတ်လိုက် နာခြင်း ရှိမရှိကို  ယင်းတို့၏ ပုံနှိပ်စက်ရုံများကို သွားရောက် ပြီး စနစ်တကျစစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့ သွားရောက် စစ်ဆေးရာတွင် တွေ့ရှိရသည့် အခြေအနေများကို ယနေ့အစည်းအဝေးတွင် ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထပ်မံ၍ လည်း ပုံနှိပ် လုပ်ငန်းများဆောင် ရွက်နေမှုကို စက်ရုံများသို့ကွင်းဆင်း စစ်ဆေးမည့် အစီအစဉ်များရှိသည်ကို ကြိုတင်အသိပေးလိုပါကြောင်း။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံအတွင်း ရှိ ကျောင်းသား ကျောင်းသူ ၉ သန်းကျော်နှင့် ဆရာ ဆရာမ ၄ သိန်းကျော် လက်ဝယ်သို့ ကျောင်းသုံး စာအုပ်များ အချိန်မီ ရောက်ရှိရေးသည် မိမိတို့၏ ပန်းတိုင်ဖြစ်ပါကြောင်း၊ အလွန်မွန်မြတ်ပြီး အရေးကြီးသည့် အမျိုးသားရေးတာဝန်ကြီး တစ်ခုလည်း ဖြစ် ပါ ကြောင်း၊  ယင်းကို မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းဖြင့် မဆောင်ရွက်နိုင်ပါ ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးစေလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေး မှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေးအတွက် ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ကြိုတင်စည်းကမ်းသတ်မှတ်ချက် ကို အတည်ပြုခဲ့မှု၊ ပြင်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကြိုတင်ခေါ်ယူရှင်းလင်းမှု၊ တင်ဒါ အောင်မြင်သူများ စာရင်းနှင့် တင်ဒါအောင်မြင်သူများကို စစ်ဆေးခဲ့မှုများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူး - ၁ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ခြင်း လုပ်ငန်း များ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေ များနှင့်စပ်လျဉ်း၍  ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍ အရည်အသွေးစစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် ပြင်ပပုံနှိပ်လုပ်ငန်းများသို့ သွားရောက်စစ်ဆေးမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် အစည်းအဝေး တက်ရောက်သူများက အထွေထွေ ဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း (MPPA) နှင့် အထက်မြန်မာပြည် ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MRPPA) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)