Skip to main content

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နေပြည်တော်   ဇန်နဝါရီ  ၂၃

တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ဗိုလ်ချုပ်စိုးနိုင်ဦးက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင် ရွက်နေမှုနှင့် ၂၀၁၉ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ခဲ့မှုများ၊ ၂၀၁၉ ခုနှစ်၊ တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်ထွန်းထွန်းညီက ၂၀၁၉ ခုနှစ် အတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် ချစ်ကြည်ရေးများ တိုးတက်ကောင်းမွန်စေရေးတပ်မတော်၏ ဆောင်ရွက် ချက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြည်ပ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့မှု၊ ပြည်ပမှ ဧည့်သည်တော်များ လာရောက်မှုနှင့်တွေ့ဆုံခဲ့မှု၊ ငြိမ်းချမ်း ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့အစည်းများ၊ ကုလ သမဂ္ဂ NGO ၊ INGO များနှင့်တွေ့ဆုံခဲ့မှုတို့ကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် သတင်း ဌာနအသီးသီးတို့က သိရှိလိုသည်များကို မေးမြန်းရာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ များက လည်းကောင်း၊ ICC နှင့် ICJ ဆိုင်ရာ ကိစ္စရပ် များ၊ ICOE အစီရင်ခံစာနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စစ်တရားရုံးစစ်ဆေးစီရင်မှုဆိုင်ရာ ကိစ္စရပ်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ်ရုံးမှ ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က လည်းကောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး