၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ တပ်မတော်က ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည့်မတ်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန်အတွက် ဒီမိုကရေစီစနစ်ကို အဆင့်ဆင့်ဖော်ဆောင်ပေးခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံတော်တွင် ဖြစ်ပေါ်ပြောင်းလဲမှု အခက်အခဲ၊ အကျပ်အတည်းများကို တပ်မတော်ကပင် ဦးဆောင်ဖြေရှင်းပေးခဲ့သည်။
နိုင်ငံတော်အစိုးရက နိုင်ငံတော်ကိုတာဝန်ယူသည့် ကာလတစ်လျှောက်လုံး အများပြည်သူလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ထူထောင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ၏အဓိကကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများတိုးတက်စေရန်၊ နိုင်ငံသားတိုင်းအတွက် အရေးကြီးသည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုစီးပွားဘဝများ တိုးတက်စေရန်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့်အစိုးရအား ချောမောအောင်မြင်စွာ လွှဲပြောင်းပေးနိုင်ရန်အတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်မှန်သမျှကို ဦးတည်ချက်၊ ရည်မှန်းချက်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
သို့သော် နိုင်ငံနှင့်ပြည်သူ ကောင်းရာကောင်းကျိုးကို မလိုလားသည့် ပြည်ပနိုင်ငံတချို့နှင့် စဉ်းစားတွေးခေါ်မှုနည်းပါးပြီး လမ်းမှားလိုက်နေကြသည့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းတချို့၊ အသိဉာဏ်နည်းပါးသည့် အကြမ်းဖက်သမားများနှင့် အားပေးထောက်ခံသူများကြောင့် ယခုအချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ အောင်မြင်သင့်သလောက် မအောင်မြင်သည်ကို တွေ့နိုင်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသူများ၊ အသိပညာ၊ အတတ်ပညာနှင့် နိုင်ငံကိုဘက်ပေါင်းစုံကတိုးတက်အောင် ဆောင်ရွက်နေသူများရှိသကဲ့သို့ ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်ပယောဂများကို ယုံစားပြီး အသိ ပညာနည်းပါးသည့် ကိုယ်ကျိုးအတ္တသမားများ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက် သူများလည်းရှိနေဆဲဖြစ်သည်။
ထိုသို့ဆောင်ရွက်နေသူများနှင့်ပတ်သက်၍ “မိမိတို့အနေဖြင့် စိတ်မပျက် လက်မလျှော့ဘဲ အားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပြီးကောင်းမွန်သည့် နိုင်ငံ၏အနာဂတ်ကို အောင်မြင်အောင် ဖော်ဆောင်ပေးကြပါရန်” ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သဘင်ဆောင်၌ကျင်းပသည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် တိုက်တွန်းပြောကြား ခဲ့သည်။
မျက်မှောက်ကာလတွင် ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ငန်းများ၊ တိုင်းပြည်ပြိုကွဲပျက်စီးစေမည့် ကြံစည်လုပ်ဆောင်မှုများ ဖြစ်ပေါ်နေသောအချိန်တွင် နိုင်ငံသားအားလုံး၏ အင်အားသည် နိုင်ငံတော်အတွက် အရေးကြီးသောစွမ်းအားများဖြစ်သည်။ မကြာသေးမီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ကျင်းပသွားမည်ဖြစ်သလို ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရတစ်ရပ်တည်းက ကြိုးပမ်းအကောင်အထည်ဖော်ရုံဖြင့် ပြည့်စုံလုံလောက်မှုမရှိနိုင်ပေ။ နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုသည်။ သို့မှသာအားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီပြည်ထောင်စုကြီးကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များသည် စဉ်ဆက်မပြတ် ရေရှည်လုပ်ငန်းစဉ်များဖြစ်သည့်အတွက် နိုင်ငံတော်နှင့် လက်တွဲကြိုးပမ်းနေကြသူများအနေဖြင့် အမျိုးသားအကျိုးစီးပွားအတွက် ဆက်လက်လက်တွဲဆောင်ရွက်ပေးရန်၊ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ခြင်း မပြုရသေးသူများအနေဖြင့်လည်း အမျိုးသား အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ရည်မျှော်၍ နိုင်ငံတော်နှင့် အမြန်ဆုံး လက်တွဲဆောင်ရွက်ပေးကြရန်၊ အမြင်မတူသူ သဘောထားကွဲလွဲနေကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရန် အလေးအနက်ဖိတ်ခေါ်လိုက်ရပါကြောင်း။ ။
