Skip to main content

သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းမှန် ၅၉ ကြိမ်ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၁၄၅ မှု၊ ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၃၆ ဒသမ ၉၄၈ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် လိုင်စင်ရှိ/ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးရမိခဲ့သည်။

သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်သစ်မျိုးစုံနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအပါအဝင် တရားမဝင်ကုန်ပစ္စည်းတင်ဆောင်သည့် လိုင်စင်ရှိ/လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ငါးဖမ်းစက်လှေများ သိမ်းဆည်းရမိခဲ့ပါသည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင် နိုင်မှုစွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်တင်ပို့/ တင်သွင်းမှုများအား သတင်းပေးတိုင်ကြားရန်ဖြစ်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၃၆ ဒသမ ၉၄၈ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၂၄၆၇ ဒသမ ၃၉၀ ကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း-၀၉၆၉၉၆၁၁၁၁၆၊ အော်တိုတယ်လီဖုန်းနံပါတ်- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သိရသည်။

သတင်းစဉ်