Skip to main content

တောင်ကြီးမြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် မေ ၉

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ဓမ္မဝိဓူအုပ်ဖိုလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်၌ အခြေပြု၍ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော် (၃၀) ပါးနှင့် ဒေသခံပြည်သူ ၈၅ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုးအကြောရောဂါ၊ အရေပြားဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဖျားနာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးပြီး Ultra Sound စက်ဖြင့် စမ်းသပ်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။