Skip to main content

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကြောင်းနဲ့အတူ ယှဉ်တွဲပေါ်ပေါက်လာတဲ့ ဒို့တပ်မတော်ရဲ့ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် နယ်ချဲ့စနစ်ကို တိုက်ထုတ်ပြီးခဲ့တဲ့နောက် ဒို့နိုင်ငံရဲ့ ပြည်သူတွေအပေါ်မှာ ဖိစီးနှိပ်စက်နေတဲ့ ဖက်ဆစ်ဝါဒီတွေကို တပ်မတော်နဲ့ပြည်သူပူးပေါင်းပြီး အောင်မြင်စွာ စတင်တွန်းလှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်ကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဒီလိုထူးခြားလေးနက်တဲ့ တပ်မတော်နေ့မှာ ရဲဘော်တို့ကို သိသင့်သိထိုက်တာတွေ လေးလေးနက်နက် မှာကြားသွားမှာဖြစ်တယ်။

ရဲဘော်တို့

ဒို့နိုင်ငံဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်မှာ ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါပေမယ့် ၁၉ ရာစုအတွင်းမှာ အင်္ဂလိပ်တို့ရဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ မတရားကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ဟာ ဂျပန်တွေထံမှာ စစ်ပညာသင်ကြားခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တိုက်ထုတ်ခဲ့ကြတယ်။

အင်္ဂလိပ်တို့ ဆုတ်ခွာထွက်ပြေးသွားချိန်မှာ ဂျပန်တို့က လွတ်လပ်ရေးပေးမယ်ဆိုတဲ့ ကတိကိုပျက်ကွက်ခဲ့တဲ့အပြင် တပ်မတော်ကိုလည်း အင်အားလျှော့ချခဲ့တယ်။ နောက်ပိုင်းမှာ အတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့ပြီး ပြည်သူတွေအပေါ်မှာ မမျှော်လင့်ဘဲ ဆိုးရွားစွာ နှိပ်စက်မှုတွေပြုလုပ်လာခဲ့တာကြောင့် ဒို့တပ်မတော်အနေနဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုနဲ့အတူ လက်တွဲဆင်နွှဲခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး တပ်မတော်ဟာ မြန်မာနိုင်ငံကို တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ အပြီးတိုင်လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်။

လွတ်လပ်ရေးဆိုတာ အချုပ်အခြာအာဏာပိုင်ခြင်းဖြစ်ပြီး ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုတဲ့ အာဏာကြီး ၃ ရပ်ကို နိုင်ငံသားတိုင်းက ကိုယ့်တိုင်းပြည်အခြေအနေနဲ့ ကိုက်ညီအောင် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပြဋ္ဌာန်းပြီး စီမံဆောင်ရွက်ပိုင်ခွင့်ရှိမှုပဲဖြစ်တယ်။ ဒါကြောင့် အသက်၊ သွေး၊ ချွေး ဆုံးရှုံးမှုပေါင်းများစွာနဲ့ ရယူခဲ့တဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာက ဒို့တပ်မတော်သားတွေအပါအဝင် နိုင်ငံသားအားလုံးရဲ့ မွေးရာပါသမိုင်းပေးတာဝန်ဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစ အချိန်ကတည်းကစပြီး နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် သမိုင်းတစ်လျှောက် စုစုစည်းစည်းနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေရဲ့ အထင်အမြင်လွဲမှားမှု၊ နိုင်ငံရေးအယူအဆကွဲပြားမှုနဲ့ တိုင်းရင်းသားအရေးတို့ကို အခြေခံတဲ့ ပြည်တွင်းသောင်းကျန်းမှုတွေ ပေါ်ပေါက်လာပြီး ပူပူနွေးနွေးရရှိထားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်မဆုံးရှုံးရစေဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တပ်မတော်ဟာ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ကာကွယ်ပေးခဲ့တယ်။ အဲဒီလိုပြည်တွင်းရောင်စုံသောင်းကျန်းသူတွေကို နှိမ်နင်းနေစဉ်မှာပဲ တစ်ပြိုင်တည်း ပေါ်ပေါက်လာတဲ့ တရုတ်ဖြူကူမင်တန်တွေနဲ့ မူဂျာဟစ်ကုလားဆိုးတွေရဲ့ ပြည်ပကျူးကျော်မှု အန္တရာယ်တွေကိုလည်း ဒို့တပ်မတော်က စွန့်လွှတ်စွန့်စားတဲ့စိတ်နဲ့  ကာကွယ်နှိမ်နင်းခဲ့ကြရတယ်။

ဒါ့အပြင် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့ အရေးကိစ္စတွေနဲ့ ကြုံတွေ့ခဲ့ရချိန်တိုင်းမှာ တပ်မတော်အနေနဲ့ မှန်ကန်တဲ့ ရပ်တည်ချက်၊ မှန်ကန်တဲ့ အမျိုးသားရေးခံယူချက်တို့နဲ့အတူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဒို့တာဝန်အရေး (၃) ပါးကို ထိပါးလာမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတိုင်း နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခဲ့သလို နောင်အနာဂတ်ကာလမှာလည်း ဆက်လက် ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့နိုင်ငံဟာ လွတ်လပ်ရေးမဆုံးရှုံးခင်ကာလက ဘုရင့်နိုင်ငံအဖြစ် ရပ်တည်လာခဲ့ကြပေမယ့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှာတော့ ပါလီမန်ဒီမိုကရေစီစနစ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ကို တည်ဆောက်ခဲ့ကြတယ်။ ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ခိုင်မာတဲ့ ပြည်ထောင်စုနိုင်ငံကြီးအဖြစ် တည်ဆောက်နေခဲ့တဲ့အချိန်မှာလည်း အချို့သော အားနည်းချက်၊ ပြည်တွင်း ပြည်ပက သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှုအရေးအခင်းများနဲ့ ကြုံတွေ့လာရပြီး ၁၉၈၈ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို ရယူခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ တပ်မတော်ဟာ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံအုတ်မြစ်တွေကို ချမှတ်ဖော်ဆောင်ပေးခဲ့သလို ပြည်သူများ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဈေးကွက်စီးပွားရေးတို့ကို ဖော်ဆောင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။

ရဲဘော်တို့

ဒို့တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီး ပြည်သူများလိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို ညင်သာငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး ဦးစီးဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရရဲ့ ဆိုးရွားစွာ ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ဘယ်လိုမှ တရားဝင်ရပ်တည်နိုင်မှုမရှိတဲ့အတွက် ဒို့တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရတယ်။ ဒီလိုထိန်းသိမ်းခဲ့ရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူအများ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်အရ ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်တယ်။ လက်ရှိအချိန်မှာ ဒို့တပ်မတော်အနေနဲ့ ပေးထားတဲ့ကတိအတိုင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်လို့ ဒို့တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေးအတွက် ရွေးကောက်ပွဲကတစ်ဆင့် အသစ်ပေါ်ထွန်းလာမယ့် အစိုးရသစ်ကို အထောက်အကူပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အဲဒီနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးတည်ရေးဆွဲပြီး ပြဋ္ဌာန်းရတဲ့ ပင်မဥပဒေတစ်ရပ်ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းနောက်ခံအနေအထား၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားအခြေခံအချက်အလက်တွေကို မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရတာဖြစ်တယ်။ ဒို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားတာ၊ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့” တပ်မတော်ကို တာဝန်ပေးထားတာတွေဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး ဒို့နိုင်ငံရဲ့ ပကတိအရှိတရားအရ မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်တယ်။

ဒါ့အပြင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားခြင်းဟာလည်း အဆိုးမြင်ဝါဒီများ လှုံ့ဆော်နေသလို တပ်မတော်ဟာ နိုင်ငံရေးကို ဦးဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ဒို့နိုင်ငံရဲ့ လိုအပ်ချက်အရ တပ်မတော်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ ပြဋ္ဌာန်းထားခြင်းဖြစ်တယ်ဆိုတာကို ရဲဘော်တို့အနေနဲ့ သိရှိနားလည်ထားကြရမှာ ဖြစ်တယ်။ အမျိုးသားနိုင်ငံရေးဆိုတာ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး (၃) ပါးအပေါ်မှာ အခြေခံပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို အစဉ်ရှေးရှုဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ ထာဝရတည်မြဲတဲ့နိုင်ငံရေးပဲဖြစ်တယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ဒို့တပ်မတော်ရဲ့ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မှုဟာ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်ရန်ပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်ကို အင်အားတောင့်တင်းပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော်ဖြစ်စေရေးအတွက် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်လျက်ရှိတယ်။ ဒီလိုတည်ဆောက်တဲ့ နေရာမှာ တိုက်စွမ်းရည်ပြည့်ဝစေဖို့အတွက် လေ့ကျင့်ရေးဟာ အဓိကမဏ္ဍိုင်တစ်ခုဖြစ်တယ်။ ဒါကြောင့် စစ်သည်တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုရှိရမယ့် အရည်အချင်းများနဲ့ တပ်ဖွဲ့တစ်ခုချင်းစီအလိုက် ရှိရမယ့်အရည်အချင်းများ တိုးတက်လာအောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်တယ်။ တိုက်စွမ်းအား ပြည့်ဝစေဖို့ဆိုရင် ခေတ်မီစစ်လက်နက်ပစ္စည်းများကို တပ်ဆင်ပေးသွားရမှာ ဖြစ်ပြီး ဒီလိုတပ်ဆင်ပေးနိုင်ဖို့အတွက် ပြည်တွင်းမှာပဲ သုတေသနပြုတီထွင်ထုတ်လုပ်လျက်ရှိသလို လိုအပ်တဲ့ ဝယ်ယူဖြည့်တင်းမှုတွေလည်း ပြုလုပ်လျက်ရှိတယ်။          

ရဲဘော်တို့

ဒို့တပ်မတော်ဟာ နိုင်ငံတော်အတွက် အားထားဖွယ်ရာ အဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်ခြင်းဟာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ဖြစ်တယ်။ ဒို့တပ်မတော် စတင်သန္ဓေတည်ခဲ့တဲ့ BIA လက်ထက် မျိုးချစ်စိတ်ဓာတ် ပြင်းထန်မှု၊ BDA လက်ထက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကို စနစ်တကျပေါင်းစပ်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာပဲဖြစ်တယ်။ ဒါဟာ ဒို့တပ်မတော်ရဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အတိတ်သမိုင်းသာဓကတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်သားအားလုံးအနေနဲ့ အတိတ်သမိုင်းကြောင်းများကို နှံ့စပ်စွာ သိမြင်နားလည်ကာမျိုးချစ် စိတ်ဓာတ်ကို အရင်းခံပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်တဲ့၊ အမိန့်နာခံတတ်မှုနဲ့ ပြည့်စုံတဲ့ တပ်မတော်တစ်ရပ်ဖြစ်စေရေး ကိုယ်စီကြိုးစား ကျင့်ကြံသွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။

ရဲဘော်တို့

ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့အတွက် အတိတ်ကာလမှာ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ခဲ့ကြသလို လက်ရှိပစ္စုပ္ပန်ကာလမှာလည်း ဆောင်ရွက်နေကြဆဲဖြစ်တယ်။ အဲဒီလို လုပ်ဆောင်မှုတွေ ရှိနေပေမယ့်လည်း “ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲစည်းလုံးမည်”ဆိုတဲ့ တပ်မတော်ရဲ့ ဆောင်ပုဒ်နဲ့အညီ တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားကြရမှာဖြစ်တယ်။

အခြေခံကျတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်တည်ဆောက်ကြရမှာဖြစ်သလို တစ်ဖက်ကလည်းလက်တွေ့ဆန်တဲ့ တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကိုလည်း အလေးထား လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒို့တပ်မတော်သားတွေအနေနဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ”လို့ သဘောထားပြီး ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်။

ရဲဘော်တို့

ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူမျိုးရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ အကြမ်းဖက်သမားများဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အဓိကဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနဲ့ Online လောင်းကစားမှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက်ရှိနေကြတယ်။ ဒီကိစ္စတွေဟာ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ပေးနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးစစ်ဆင်ရေးများနဲ့ တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိကြောင်း အသိပေးပြောကြားလိုတယ်။

ရဲဘော်တို့      

နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို အသေးစိတ်လေ့လာကြည့်ရင် အခြေခံအကျဆုံးအချက်ဟာ ပြည်သူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားဘဝနဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုဖြစ်ကြောင်း တွေ့မြင်ရမှာဖြစ်တယ်။ ပြည်သူ့လုံခြုံရေးစနစ်ရာနှုန်းပြည့် လွှမ်းခြုံနိုင်ဖို့ဆိုရင် ပြည်သူတစ်ဦးချင်းစီတိုင်းမှာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတွေရှိနေဖို့လည်း လိုအပ်တယ်။

ဒို့နိုင်ငံအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စနစ်တကျလေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်ရာမှာ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်နဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတယ်။ ကမ္ဘာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေတဲ့ နိုင်ငံများရှိနေတာကိုလည်း တွေ့မြင်နိုင်တယ်။ ပြည်သူများအနေနဲ့ ပြည်သူ့လူမှုစီးပွားဘဝ လုံခြုံမှုအပြည့်အဝ ရရှိစေဖို့အတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။

ရဲဘော်တို့      

ဒို့တာဝန်အရေး (၃) ပါးထဲက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ အချက်ဟာ ဒို့နိုင်ငံရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးကို ညွှန်းဆိုခြင်းပဲဖြစ်တယ်။ ထာဝရငြိမ်းချမ်းရေးက ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတွေဟာ တပ်မတော်တစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ်အတွက် မဟုတ်ဘဲ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက်ဆိုတာကို လေးလေးနက်နက် သိမြင်ကြဖို့ လိုအပ်တယ်။ ဒါကြောင့် ခေတ် အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလည်း ကြိုးစား ဆောင်ရွက်ခဲ့တာ တွေ့ရမှာဖြစ်တယ်။

တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုတွေကို လိုက်လျောဆောင်ရွက်ပေးခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ“ငြိမ်းချမ်း ရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမယ်”ဆိုတဲ့ ငြိမ်းချမ်း ရေးမိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့တဲ့အပြင် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေး ညီလာခံရလဒ်များမှ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့      

ဒို့နိုင်ငံအနေနဲ့ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာပဲဖြစ်တယ်။ ဖက်ဒရယ်စနစ်ဆိုတာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းတာမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခုအပေါ် ရည်ညွှန်းဆောင်ရွက်ရတာဖြစ်တယ်။ ဒို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံတွေအရ မိမိတို့နိုင်ငံ နဲ့ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်။

ယခုဆိုရင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေ ထွက်ပေါ်ခဲ့ပြီး လွှတ်တော်အသီးသီးရဲ့ အစည်းအဝေးများ စတင်ကျင်းပနေပြီဖြစ်တယ်။ ပြည်သူတစ်ဦးချင်းစီက စက်ခလုတ်နှိပ်ပြီးပေးခဲ့ကြတဲ့ မဲတစ်မဲစီဟာ ပြည်သူတစ်ဦးချင်းစီရဲ့ ဦးနှောက်နဲ့ နှလုံးသားများဖြစ်လို့ ပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာလည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိနဲ့ အလေးအနက်ထားကြိုးပမ်းထမ်းရွက်ကြဖို့ လိုအပ်မှာပဲဖြစ်တယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတစ်ရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်တဲ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ ဒို့တပ်မတော်ဟာ ခေတ်အဆက်ဆက် နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးကို ဦးထိပ်ထားတာဝန်ထမ်းဆောင်ခဲ့တယ်။ လက်ရှိကာလမှာလည်း “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုတဲ့ခံယူချက်နဲ့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ကာကွယ်လျက်ရှိနေတယ်။ နောင်မှာလည်း ပြည်သူကအားကိုးရတဲ့၊ နိုင်ငံတော်က အားထားရတဲ့ ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်တယ်။