နေပြည်တော် ဧပြီ ၇
၂၀၂၆ ခုနှစ်၏ အာဆီယံအလှည့်ကျသဘာပတိအဖြစ်ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံက Virtual အစီအစဉ်ဖြင့် ဧပြီ ၇ ရက်မှ ၈ ရက်အထိကျင်းပသည့် အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး (ASEAN Finance Deputies Ministers’ Meeting – AFDM) နှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးများ (ASEAN Finance and Central Bank Deputies’ Meeting – AFCDM) ကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးပထမနေ့ နံနက်ပိုင်းတွင် ကျင်းပ သည့် အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်က အာဆီယံအခြေခံအဆောက်အအုံရန်ပုံငွေ (ASEAN Infrastructure Fund–AIF) ဖြင့် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ အာဆီယံအာမခံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံနယ်စပ် ဖြတ်ကျော်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံအခွန်ဆိုင်ရာကိစ္စရပ်များ၊ အကောက်ခွန်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံပြတင်း တစ်ပေါက်စနစ် အကောင်အထည်ဖော်မှုများနှင့် အာဆီယံငွေတိုက်ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြရာ အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးမှ မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်က ASEAN Climate Finance Policy Platform နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေနှင့် သဘောတရားစာတမ်း (Concept Note) ကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးက အတည်ပြုကြသည်။
နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင်ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးတွင် အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက ၎င်း၏အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်သည့်ကာလအတွင်း ဆောင်ရွက်မည့် Priority Economic Deliverables (PEDs) ကိစ္စရပ်များကိုတင်ပြရာ အစည်းအဝေးက သဘောတူကြသည်။ ထို့နောက် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်ကတင်ပြသည့် ASEAN Economic Community (AEC) Strategic Plan 2026-2030 တွင်ပါဝင်သော Finance Sectoral Plan ၏ ဆောင်ရွက်မှုအခြေအနေနှင့် ASEAN Finance Intergration Monitoring Report (AFMIF) 2026 (မူကြမ်း) ကို အစည်းအဝေးကမှတ်တမ်းတင်သည်။ အစည်းအဝေး၏ တွဲဖက်သဘာပတိများနှင့် ASEAN Senior Level Committee မှ တွဲဖက်သဘာပတိများက တင်ပြကြသည့် အာဆီယံဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပေါင်းစည်းမှုဆိုင်ရာ လမ်းပြမြေပုံအကောင် အထည်ဖော်မှုအခြေအနေများ၊ Cadmus Group က တင်ပြသော AEC Blueprint 2025 အကောင်အထည်ဖော်မှု၏ရလဒ်များ၊ Project Revive လုပ်ငန်းအဖွဲ့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အစည်းအဝေးကအတည်ပြုကြပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်ကတင်ပြသည့် အာဆီယံနှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု (ASEAN-ADB Strategic Partnership) ဆိုင်ရာကိစ္စရပ်များကို အစည်းအဝေးက မှတ်တမ်း တင်သည်။
ယင်းအစည်းအဝေးများအား ဧပြီ ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဧပြီ ၉ ရက်နှင့် ၁၀ ရက်များတွင် အကြိမ် (၃၀) မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးများအား Virtual အစီအစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။
သတင်းစဉ်
