Skip to main content

MNL ယူ - ၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပထမဆုံးနိုင်ပွဲရရှိ

ရန်ကုန် မေ ၃၀

၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂) ဒုတိယနေ့ကို မေ ၃၀ ရက်က ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။

တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက Chinland အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယမြောက်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး Chinland အသင်းမှာမူ နှစ်ပွဲဆက် အရေးနိမ့်ခဲ့သည်။ ၃၁ မိနစ်တွင် အောင်ချစ်က ရှမ်းယူနိုက်တက် အသင်းအတွက် ဂိုးစတင်သွင်းယူသော်လည်း တစ်မိနစ်အကြာတွင် Lun Yar Gin အသင်းက Chinland အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ၃၈ မိနစ်တွင် မျိုးမင်းခန့်က ရှမ်းယူနိုက်တက်အသင်းအတွက် ဒုတိယဂိုးထပ်သွင်းကာ ပထမပိုင်းအပြီးတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေပြီး အနိုင်သေချာစေမည့် တတိယဂိုးကို ၈၅ မိနစ်တွင် မင်းမင်းသူက သွင်းယူခဲ့သည်။

သန်လျင်သီဟဒီပကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျနေသော်လည်း ဒုတိယပိုင်းတွင် ရန်ကုန် ယူနိုက်တက်အသင်းက ဂိုးပြတ်သွင်းကာ ပထမဆုံးနိုင်ပွဲရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၅၁ မိနစ်တွင် အောင်မျိုးမင်း၊ ၅၈ မိနစ်တွင် ကောင်းမြတ်အောင်၊ ၇၃ မိနစ်တွင် ခွန်ချိုထူးနှင့် ၈၂ မိနစ်တွင် ဖြိုးဝဏ္ဏစိုးတို့က သွင်းယူခဲ့သည်။ ဗဟန်း မြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းနှင့် Falcon အသင်း ဂိုးမရှိသရေကျခဲ့သည်။

ပွဲစဉ် (၂) နောက်ဆုံးနေ့ကို မေ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ တောင်ဒဂုံကွင်း၌ ရတနာပုံအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MNL