Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ မကွေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသမှုပေးထားသည့်အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့်အဖွဲ့ဝင်များသည် အမျိူးသမီးနှင့်ကလေးကုသဆောင်များသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့်ဆေးရုံအတွက် အလှူငွေများပေးအပ်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။