Skip to main content

ရောဂါကာကွယ်ထိန်းချုပ်ရေး အစဉ်လိုက်နာ

ကမ္ဘာတစ်ဝန်း၌ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည်မှာ တစ်နှစ်ပတ်လည်ပင် ပြည့်တော့မည်ဖြစ်သည်။ တစ်နှစ်တာကာလ ယနေ့အချိန်အထိ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၆၀ ကျော်ရှိပြီး သေဆုံးသူပြည်သူ တစ်သန်းခွဲခန့်အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ပြည်သူအားလုံး ကိုဗစ် - ၁၉ ရောဂါအဆုံးသတ် မည့် ကာလသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေဟု မျှော်လင့်ဆုတောင်းနေကြသည်။

ကမ္ဘာပေါ်တွင် ကူးစက်မြန်ကပ်ရောဂါများ ဖြစ်ပွားခဲ့မှုသမိုင်းဖြစ်စဉ် သဘောအရ အချို့ရောဂါဖြစ်မှုသည် အချိန်ကာလ အတိုင်းအတာတစ်ခုရောက်လျှင် တဖြည်းဖြည်း ပါးလျားကွယ်ပျောက် သွားတတ်ပြီး အချို့ကူးစက် ရောဂါတို့သည် ကမ္ဘာပေါ်ရှိ သက်ရှိလူသတ္တဝါများကြားတွင် အတူတကွ အမြဲရှိနေတတ်ကြသည်။ ဆိုလိုသည်မှာ ကူးစက်ရောဂါသစ် တစ်မျိုးမျိုးသည် လူသတ္တဝါများနှင့်အတူ ရှိနေခြင်းဖြစ်သည်။ ဒုတိယရောဂါအမျိုးအစားဖြစ်လျှင် ရောဂါနှင့်လူသတ္တဝါများ အတူရှိနေပြီး ထိုရောဂါ မကူးစက်စေရန် သတိမူနေထိုင်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ ဆောင်ရွက်ကြရမည် ဖြစ်သည်။

မျက်မှောက်ကာလ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ကူးစက်မြန် ကပ်ရောဂါသည် ဒုတိယ ရောဂါ အမျိုးအစားဖြစ်၍ ရောဂါနှင့်အတူ နေထိုင်နိုင်ရန် ကျန်းမာရေး စည်းမျဉ်းများကို လိုက်နာရေး၊ ကာကွယ်ဆေးထိုးနှံရေးတို့ကို ဆောင်ရွက်ကြမည်ဖြစ် သည်။ ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ရောဂါ စတင် ဖြစ်ပွားသည်နှင့် ကမ္ဘာ့နိုင်ငံကြီးများသည် အဆိုပါရောဂါ ကာကွယ်ဆေးများကို ရှာဖွေ စမ်းသပ် သုတေသနပြုလုပ်ခဲ့ကြသည်။ ယခုအခါ နိုင်ငံအတော်များများတွင် ယုံကြည်စိတ်ချ၍ အသိအမှတ်ပြုနိုင်သည့် ကာကွယ်ဆေးများ အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး ဖြန့်ဝေနိုင်တော့မည့် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးရရှိရေးကို အစွမ်းကုန် အလေးထား ဆောင်ရွက်နေပြီး ဘေးထွက်ဆိုးကျိုး နည်း၍ စွမ်းရည်ထက်မြက်သည့် ကိုဗစ် - ၁၉ ကာကွယ်ဆေး များရရှိလာပါက ပြည်သူပြည်သားများအား ဦးစားပေး အစီအစဉ်အလိုက် ဆေးထိုးနှံနိုင်ရေး အစီအမံများကို စနစ်တကျ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။ ကာကွယ်ဆေးများ ရရှိရေး အတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေ သည်။

မြန်မာနိုင်ငံသည် ဖြစ်ပေါ်ခဲ့သော ကူးစက်ရောဂါများနှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စနစ်တကျ အောင်မြင်စွာဆောင်ရွက်ခဲ့သော ဆေးပညာသမိုင်း မှတ်တမ်းများ ရှိသည်။ ကာလဝမ်းရောဂါ၊ ကျောက်ရောဂါ၊ ဝက်သက်ရောဂါ စသည့်ရောဂါများအတွက် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ စတင်ရရှိပါက လူနာများကို ကိုင်တွယ်ကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါကူးစက်နိုင်ခြေ များပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါကူးစက်ပျံ့နှံ့မှု စသည့်အခြေအနေအရပ်ရပ်တို့ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများသတ်မှတ်၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံပေးနိုင်ရန်အတွက် နိုင်ငံတော် ဘဏ္ဍာငွေ၊ အလှူရှင် အဖွဲ့အစည်း၏ ထောက်ပံ့ငွေ၊ ကမ္ဘာ့ဘဏ်ချေးငွေတို့ဖြင့် အသုံးပြုဝယ်ယူခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရေး ရန်ပုံငွေများ အဓိကထောက်ပံ့နေသည့် အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ် - ၁၉ ကာကွယ်ဆေးအား အထူးသက်သာသော နှုန်းထား (သို့မဟုတ်) အခမဲ့ရရှိနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြားသိရ၍ ဝမ်းမြောက်မိသည်။

အားလုံးမျှော်လင့်နေသော ကာကွယ်ဆေးများ ရရှိတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် စိတ်ချ လက်ချဖြစ်ပြီး ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို မပစ်ပယ်မိဖို့ လိုပေ သည်။ ကမ္ဘာ့နိုင်ငံများ အားလုံးသည် ကိုဗစ် - ၁၉ ကာကွယ်ဆေး လိုအပ်နေသော နိုင်ငံများဖြစ်၍ ကာကွယ်ဆေး စတင်ဖြန့်ချိပါက အပြိုင်အဆိုင် ဝယ်ယူထိုးနှံရေးကို ကြိုးပမ်းကြမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးလွှမ်းခြုံ ထိုးနှံပေးနိုင်ရေးမှာ ကာကွယ်ဆေး ရရှိမည့်အပေါ် မူတည်သဖြင့် အချိန်ကာလတစ်ခုအတွင်း အားလုံးအတွက် ထိုးနှံပေးနိုင်ရေးမှာ လွယ်ကူမည်မဟုတ်ပေ။

သို့ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါနှင့်အတူ ရေရှည် အတူရှိနေဦးမည်ဖြစ်၍ ကာကွယ်ဆေး ထိုးနှံသည်ဖြစ်စေ၊ မထိုးနှံရသေးမီဖြစ်စေ ထုတ်ပြန် ထားသော ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများကို မဖြစ်မနေ ဆက်လက် လိုက်နာလုပ်ဆောင်ကြရမည့်အပြင် အရှိန်အဟုန်လည်း တိုးမြှင့်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။ ။