Skip to main content

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဇွန် ၂၉

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၂ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) နန်းဝိုးစိန်၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် ပိန်းဆန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက်ရှိ မြို့မအားကစားကွင်းတွင် မိုးလုံလေလုံအားကစားခန်းမဆောင် (၁) ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်တွင် မြေဧရိယာဧက ၃ ဒသမ ၉၆၀ ရှိ နှစ် ၃၀ မြေဂရန် ရရှိထားသည့် မြို့မအားကစားကွင်းမြေနေရာတွင် ရိုးရိုးဘောလုံးအားကစားကွင်း အလျား ၃၄၅ ပေ၊ အနံ ၂၂၅ ပေ တစ်ကွင်းနှင့် ပွဲကြည့်ဆောင် အလျား ပေ ၃၀၊ အနံ ပေ ၃၀ တစ်ဆောင်၊ ကွင်း၏မြောက်ဘက်တွင် ရုံးနှင့်နေအိမ်တွဲလျက် အလျား ပေ ၅၀၊ အနံ ပေ ၃၀ အဆောက်အအုံတစ်လုံး ဆောက်လုပ်ထားရှိပြီး ဖြစ်ပါကြောင်း။

ကိုယ်စားလှယ်တင်ပြထားသည့် မြို့မအားကစားကွင်းအတွင်းတွင် မိုးလုံလေလုံအားကစားရုံတစ်ရုံ ဆောက်လုပ်ရန်အတွက် လိုအပ်သည့်တစ်ဆက်တစ်စပ်တည်း မြေဧရိယာလုံလောက်မှုမရှိပါကြောင်းနှင့် ဌာနပိုင်မြေနေရာထပ်မံရရှိပါက အားကစားရုံတည်ဆောက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဘတ်ဂျက်၏နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခင်မောင်ဝင်း၏ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းများ၌ လယ်ယာစိုက်ပျိုးချိန်တွင်မြေပြင်ရန် လယ်ထွန်စက်နှင့် ရိတ်သိမ်းချိန်အတွက် ရိတ်သိမ်းခြွေစက်များကို လုံလောက်စွာစီစဉ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မြစ်သားမြို့နယ်တွင် ဌာနပိုင်ထွန်စက်ကြီး ၂၃ စီးသာရှိပြီး တောင်သူပိုင်ထွန်စက်ကြီး ၂၈၉ စီးနှင့် တောင်သူပိုင်လက်တွန်းထွန်စက် ၁၇၃၅ စီးရှိပါကြောင်း၊ မိုးစပါးစိုက်ဧက ၅၅၄၈၅ ၏ (၉၉ ဒသမ ၅ ရာခိုင်နှုန်း) ဖြစ်သည့် ဧက ၅၅၂၀၀ ကို စက်ကိရိယာများ အသုံးပြုပြီး မြေပြုပြင်ပေးနိုင်စွမ်းရှိပါကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် ဌာနပိုင်ထွန်စက်ကြီး ၁၃ စီးသာရှိပြီး တောင်သူပိုင်ထွန်စက်ကြီး ၁၀၅ စီးနှင့် တောင်သူပိုင်လက်တွန်း ထွန်စက် ၁၁၅၁ စီးရှိပါကြောင်း၊ မိုးစပါးစိုက်ဧက ၂၉၃၆၂ ၏ (၈၁ ရာခိုင်နှုန်း) ဖြစ်သည့် ၂၄၀၃၅ ဧကကို စက်ကိရိယာများ အသုံးပြုထွန်ယက်နိုင်ပြီး ရာနှုန်းပြည့်ဆောင်ရွက်ရန် ထွန်စက်ကြီး ၃၂ စီး၊ လက်တွန်းထွန်စက် ၂၇၆ စီး လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ဌာနပိုင်ထွန်စက်ကြီး ၁၀ စီးသာရှိပြီး တောင်သူပိုင်ထွန်စက်ကြီး ၂၄၉ စီးနှင့် တောင်သူပိုင်လက်တွန်းထွန်စက်အစီး ၅၄၀ ရှိပါကြောင်း၊ မိုးစပါးစိုက်ဧက ၅၂၃၃၄ ၏ ၇၁ ရာခိုင်နှုန်းဖြစ်သည့် ၃၇၂၇၅ ဧကကို စက်ကိရိယာများ အသုံးပြုထွန်ယက်နိုင်ပြီး ရာနှုန်းပြည့်ဆောင်ရွက်ရန် ထွန်စက်ကြီး ၈၃ စီး၊ လက်တွန်းထွန်စက် ၇၁၁ စီး လိုအပ်မည်ဖြစ်ပါကြောင်း။

ရိတ်သိမ်းခြွေလှေ့ရေးလုပ်ငန်းအနေဖြင့် မြစ်သားမြို့နယ်တွင် မိုးစပါးရိတ်သိမ်းခြွေလှေ့ရာတွင် ဌာနပိုင်ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီး၊ နယ်မြေခံတောင်သူပိုင် ရိတ်သိမ်းခြွေလှေ့စက် ၁၀၇ စီး၊ ပြင်ပမြို့နယ်များမှလာရောက်သည့် ရိတ်သိမ်းခြွေလှေ့စက် ၇၂ စီး၊ စုစုပေါင်း ၁၈၉ စီးဖြင့် မိုးစပါးစိုက်ဧက ၅၅၄၈၅ ၏ (၈၉ ဒသမ ၂၁ ရာခိုင်နှုန်း) ဖြစ်သည့် ဧက ၄၉၅၀၀ ရိတ်သိမ်းနိုင်၍ ရာခိုင်နှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်အစီး ၂၀ လိုအပ်မည်ဖြစ်ပါကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် မိုးစပါးရိတ်သိမ်းခြွေလှေ့ရာတွင် ဌာနပိုင်ရိတ်သိမ်းခြွေလှေ့စက်သုံးစီးရှိပြီး နယ်မြေခံတောင်သူပိုင် ရိတ်သိမ်းခြွေလှေ့စက် ၁၈ စီး၊ ပြင်ပမြို့နယ်များမှ လာရောက်သည့်ရိတ်သိမ်းခြွေလှေ့စက် ၇၄ စီး၊ စုစုပေါင်း ၉၅ စီးနှင့် မိုးစပါးစိုက်ဧက ၂၉၃၆၂ ၏ (၇၁ ဒသမ ၈၆ ရာခိုင်နှုန်း) ဖြစ်သည့် ဧက ၂၁၁၀၀ ရိတ်သိမ်းနိုင်သောကြောင့် ရာနှုန်းပြည့်ရိတ်သိမ်းခြွေလှေ့ရန် ရိတ်သိမ်းခြွေလှေ့စက် ၂၈ စီး လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် မိုးစပါးရိတ်သိမ်းခြွေလှေ့ရာတွင် ဌာနပိုင်ရိတ်သိမ်းခြွေလှေ့စက်ခြောက်စီးသာရှိပြီး နယ်မြေခံတောင်သူပိုင် ရိတ်သိမ်းခြွေလှေ့စက် ၄၇ စီး၊ ပြင်ပမြို့နယ်များမှ လာရောက်သည့် ရိတ်သိမ်းခြွေလှေ့စက် ၁၀၁ စီး စုစုပေါင်း ၁၅၄ စီးဖြင့် မိုးစပါးစိုက်ဧက ၅၂၃၃၄ ၏ (၆၈ ဒသမ ၉၈ ရာခိုင်နှုန်း) ဖြစ်သည့် ဧက ၃၆၁၀၀ ရိတ်သိမ်းနိုင်သောကြောင့် ရာနှုန်းပြည့်ရိတ်သိမ်းခြွေလှေ့ရန် ရိတ်သိမ်းခြွေလှေ့စက် ၅၄ စီး လိုအပ်မည်ဖြစ်ပါကြောင်း။

ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ယာသုံးစက်ကိရိယာများ အပြည့်အဝအသုံးချပြီး မြေပြုပြင်ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တောင်သူများ လယ်ယာသုံးစက်ကိရိယာများ ပိုမိုပိုင်ဆိုင်မှုရှိလာစေရန် စက်မှုလယ်ယာဦးစီးဌာနက ပြင်ပရောင်းဈေးများထက် ပိုမိုသက်သာသောဈေးနှုန်းဖြင့် လက်ငင်းရောင်းချသည့် စနစ်ဖြင့်လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အရစ်ကျစနစ်များဖြင့်လည်းကောင်း၊ ပုဂ္ဂလိကလယ်ယာသုံး စက်ကိရိယာရောင်းချသည့် ကုမ္ပဏီများက အာမခံအရစ်ကျစနစ်များဖြင့်လည်းကောင်း၊ တောင်သူများသို့ ရောင်းချပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ဒေသအစိုးရများ၏ လိုအပ်ချက်အရ မိမိဝန်ကြီးဌာနသို့ လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလိုသော စက်မှုလယ်ယာသုံးပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာရရှိမှုပေါ်မူတည်၍ ဆက်လက်တင်သွင်း ဖြန့်ဖြူးရောင်းချပေးနိုင်ပါကြောင်း။

နယ်မြေအလိုက် စက်ပိုင်ဆိုင်သူများကို စုစည်းပြီး လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှုအသင်းများ ဖွဲ့စည်းဆောင်ရွက်နိုင်ပါက ဝန်ဆောင်ခနှုန်းထားများ ညှိနှိုင်းသတ်မှတ်ခြင်းနှင့် လယ်ယာသုံးစက်ကိရိယာစီမံခန့်ခွဲမှုများ စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနက လယ်ယာဝန်ဆောင်မှု ဆောင်ရွက်နေသည့် ဌာနပိုင်စက်များကို အသုံးပြုဆောင်ရွက်လိုပါက သက်ဆိုင်ရာကျေးရွာအလိုက် မြေပြုပြင်မည့်ဧက၊ ရိတ်သိမ်းခြွေလှေ့ပေးရမည့်ဧကများတွက်ချက်၍ ဌာနမှသတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထားများအတိုင်း မိမိတို့မြို့နယ်အသီးသီးရှိ စက်မှုလယ်ယာစခန်းများတွင် ကျသင့်ငွေပေးသွင်းပြီး ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပါကြောင်း၊ စက်မှုလယ်ယာစခန်းများတွင်ရှိသည့် စက်ကိရိယာအရေအတွက်ပေါ်မူတည်ပြီး တန်းစီဇယားအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် အဆိုပါမြို့နယ်သုံးခုတွင် လယ်ယာလုပ်ငန်းများ၌ လယ်ယာစိုက်ပျိုးချိန်တွင် မြေပြင်ရန် လယ်ထွန်စက်နှင့်ရိတ်သိမ်းချိန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များကို စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လုံလောက်အောင်စီစဉ်ပေးရန် ဆောင်ရွက်နိုင်မှုမရှိပါကြောင်းနှင့် နယ်မြေအလိုက် စက်ပိုင်ဆိုင်သူများပါဝင်သည့် ပုဂ္ဂလိကလယ်ယာသုံး စက်ကိရိယာ ဝန်ဆောင်မှုအသင်းများ ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင် စက်ကိရိယာများ ပါဝင်သုံးစွဲမှသာ စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံမှ ညောင်နှစ်ပင်ရေသန့်စက်ရုံသို့ ရေပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့်အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ငမိုးရိပ်ရေလှောင်တမံနှင့် ရေကူတမံများမှ လယ်မြေဧရိယာ ၃၀၅၆၇ ဧကကို နွေစပါးရေပေးဝေလျက်ရှိပြီး ရန်ကုန်မြို့တော် သောက်သုံးရေအတွက် ရေဂါလန် သန်း ၁၃၀ ကို နေ့စဉ်ပေးဝေလျက်ရှိပါကြောင်း၊ သောက်သုံးရေပေးဝေရာတွင် ငမိုးရိပ်ရေလှောင်တမံ၏ ပင်မတူးမြောင်းမကြီး ပေတိုင် ၈၂၀၀၀ ရှိ ရေခွဲအဆောက်အအုံအထိ အလျား (၁၅ ဒသမ ၅) မိုင်နှင့် ရေခွဲအဆောက်အအုံမှ ညောင်နှစ်ပင် ရေသန့်စက်ရုံအထိ အလျား ၆ မိုင်၊ စုစုပေါင်း (၂၁ ဒသမ ၅) မိုင်ကို မြေသားတူးမြောင်းဖြင့် ရေပေးဝေလျက်ရှိပါကြောင်း။

ယခုအခါ မြေသားမြောင်းရေရယူရာတွင် ရေအရည်အသွေး ပိုမိုကောင်းမွန်စေရေးနှင့် ရေပမာဏ ပိုမိုရောက်ရှိစေရေးအတွက် ယခင်ရယူခဲ့သော မြေသားမြောင်းအစား ရေပိုက်လိုင်းစနစ်ဖြင့် ရေဂါလန်သန်း ၁၈၀ သွယ်တန်းရယူနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ စူးစမ်းလေ့လာခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိသဖြင့် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ရန်လျာထားစီမံလျက်ရှိပါကြောင်း။

ငမိုးရိပ်ရေလှောင်တမံမှ တစ်ရက်လျှင် ရေဂါလန်သန်း ၁၈၀ ရယူနိုင်မည့် ရေယူအဆောက်အအုံ အသစ်တစ်ခုတည်ဆောက်ခြင်း၊ အချင်း (၇ ဒသမ ၈) ပေ၊ အလျား (၀ ဒသမ ၅၆) မိုင်ခန့်ရှိသည့် ရေယူဥမင်လိုဏ်တစ်ခုတည်ဆောက်ခြင်း၊ ရေဂါလန် သန်း ၁၈၀ ပေးပို့နိုင်သော 4 MVA စွမ်းအားရှိ ရေတွန်းစက်ရုံနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ အချင်း (၈ ဒသမ ၈) ပေ၊ အလျား (၁ ဒသမ ၂) မိုင်ခန့်ရှိသည့် ရေခေါ်ဥမင်လိုဏ်တစ်ခု တည်ဆောက်ခြင်း၊ အချင်း (၇ ဒသမ ၈) ပေ၊ အလျားမိုင် (၁၀) ခန့်ရှိသည့် ရေပိုက်လိုင်းတစ်ခုတည်ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဘဏ္ဍာနှစ်အလိုက် တိုင်းဒေသကြီးရန်ပုံငွေတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးရဲရင့်စိုးညွန့်၏ ပန်းလှိုင်မြစ်ကြောင်း ချောင်းကောမှုပြဿနာလျော့နည်းစေရန် ပန်းလှိုင်မြစ်ဝတွင် ရေတံခါးတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီးမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပန်းလှိုင်မြစ်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကောလာခဲ့မှုကြောင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သော်လည်း မြစ်အောက်ပိုင်းဖြစ်သည့် လှိုင်မြစ်ဘက်ခြမ်းတွင် ရေထိန်းတံခါးတည်ဆောက်နိုင်ခြင်း မရှိသည့်အတွက် ပန်းလှိုင်မြစ်မှာ သဲနုန်းများ ပြန်လည်ဝင်ရောက်၍ ဒိုက်၊ ဗေဒါနှင့် ကျူပင်များ ပေါက်ရောက်ပိတ်ဆို့လာပြီး မြစ်ကောတစ်ခုအဖြစ် ပြန်လည်ရောက်ရှိခဲ့ပါကြောင်း။

ပန်းလှိုင်မြစ်ကြောင်းကို ပြန်လည်တူးဖော်ပြီးပါကလည်း သဲနုန်းများပြန်လည်ဝင်ရောက်လာသဖြင့် နှစ်အနည်းငယ်အတွင်း တိမ်ကောသွားမည်ဖြစ်ရာ ရေတံခါးတစ်ခုကို ဦးစွာတည်ဆောက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်မေလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နယ်သာလန်နိုင်ငံအစိုးရတို့သည် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် ဧပြီလတွင်ချုပ်ဆိုခဲ့ပြီး၊ အဆိုပါ နားလည်မှုစာချွန်လွှာအရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်ရန် နယ်သာလန်အစိုးရ၏ Develop to Build (D2B Program) အစီအစဉ်မှ ထောက်ပံ့ကူညီမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု (Feasibility Study) ကို ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။

ဖြစ်မြောက်နိုင်စွမ်းလေ့လာခဲ့မှု (Feasibility Study) အရ ပန်းလှိုင်မြစ် ရေထိန်းတံခါးဒီဇိုင်းပုံစံကို နည်းလမ်းလေးခုဖြင့် တည်ဆောက်ရန်လျာထားခဲ့ပါကြောင်း၊ ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေ၊ စက်မှုဇုန်နှင့် လူနေအိမ်များ ထိခိုက်မှုအနည်းဆုံးဖြစ်သော၊ သင့်လျော်ကောင်းမွန်ပြီး ရေရှည်တည်တံ့သော ဒီဇိုင်းပုံစံရေးဆွဲရန်လိုအပ်ပြီး အဆိုပါဒီဇိုင်းအပေါ်အခြေခံ၍ တည်ဆောက်မည့်နေရာ ရွေးချယ်ခြင်းနှင့် လုပ်ငန်းနယ်နိမိတ် သတ်မှတ်ခြင်းတို့ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရွေးချယ်သည့် ဒီဇိုင်းအပေါ်မူတည်၍လည်းကောင်း၊ Navigation Lock Gate ပါဝင်သောကြောင့်လည်းကောင်း၊ ဒီဇိုင်းပုံစံရေးဆွဲခြင်းနှင့် တည်ဆောက်ရေးပိုင်းဆိုင်ရာ နည်းပညာအကူအညီများ လိုအပ်မည်ဖြစ်သည့်အပြင် ပမာဏကြီးမားသည့် တည်ဆောက်ရေး စီမံကိန်းဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များပြားမည်ဖြစ်ပါကြောင်း။

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းမဆောင်ရွက်မီ မြစ်ကြောင်းတစ်လျှောက် ပတ်ဝန်းကျင်ရှိ စက်မှုဇုန်များ၊ လူနေအိမ်များ၊ ကျူးကျော်နေထိုင်မှုများနှင့် ဒေသခံများ၏ စိုက်ပျိုးမြေများ ပါဝင်သွားနိုင်သည့်အတွက် ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးပြီး တူးဖော်ရမည့် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ လုပ်ငန်းနယ်နိမိတ်သတ်မှတ်ခြင်းများ ဦးစွာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ဒီရေအတက်အကျနှင့် နုန်းတင်မှုအခြေအနေများကိုလည်း တိကျစွာတိုင်းတာတွက်ချက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ထို့ပြင် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင်လည်း မြစ်ကြောင်းတစ်လျှောက် တူးဖော်ရာမှထွက်ရှိလာမည့် သဲနုန်းများ စွန့်ပစ်ရန်အတွက် နေရာရွေးချယ်သတ်မှတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ပြီးပါကလည်း စက်မှုဇုန်နှင့် လူနေရပ်ကွက်များမှ မြစ်အတွင်းသို့ အမှိုက်စွန့်ပစ်ခြင်းကိုတားမြစ်ခြင်း၊ စက်ရုံများမှထွက်ရှိလာသော ရေဆိုးများကို သန့်စင်ပြီးမှ စွန့်ပစ်ရန်စီမံခြင်း၊ အမှိုက်သရိုက်များ၊ ဒိုက်၊ ဗေဒါများကို ဆယ်ယူဖယ်ရှားခြင်း၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပြီး ပြည်သူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရေကြီးရေလျှံဖြစ်ပွားမှုကို လျော့နည်းသက်သာစေခြင်း၊ နွေရာသီတွင် ရေချိုထိန်းသိမ်း၍ သီးထပ်စိုက်ပျိုးနိုင်ခြင်း၊ ကုန်စည်ပို့ဆောင်ရေး ပိုမိုလွယ်ကူလာနိုင်မည်ဖြစ်ခြင်း၊ ဒီရေအတက်တွင် ဒီရေနှင့်အတူ ပါလာသောရေငန်များကို ပန်းလှိုင်ရေထိန်းတံခါးမှ တားဆီးပေးခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်ခြင်းတို့ကြောင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ရာတွင် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန်မှာ ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်ပြီးမှသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းမှာလည်း ပမာဏကြီးမားသည့် တည်ဆောက်ရေးစီမံကိန်းဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များပြားသည့်အပြင် နည်းပညာလိုအပ်ချက်များရှိခြင်း၊ လုပ်ငန်းများမဆောင်ရွက်မီ၊ ဆောင်ရွက်စဉ်နှင့်ဆောင်ရွက်ပြီး ကာလတစ်လျှောက်တွင် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များ များပြားခြင်းတို့ကြောင့် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် ရေချိုရယူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတို့အတွက် အခက်အခဲမရှိစေရန် ဆက်လက်စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးသိန်းဇော်၏ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် မြစ်ကျိုးကျေးရွာအုပ်စု လေးဘူးကျေးရွာနှင့် လက်ပံတန်းမြို့နယ်ကွမ်းခြံကျေးရွာအုပ်စုကို ဆက်သွယ်ထားသော လေးတူး-ကွမ်းခြံ ရေကာတာပေါ်ရှိလမ်းမှ လေးတူး-ဆင်လမ်းအပိုင်း၏ ပျက်စီးနေသော နေရာများကို ဂဝံထပ်ပိုးလွှာခင်း၍ ပြုပြင်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ရာသီမရွေးအသုံးပြုနိုင်ရန်အတွက် လေးတူး-ကွမ်းခြံ ရေကာတာပေါ်ရှိ ဆက်သွယ်ရေးလမ်းအား ပြုပြင်ဆောင်ရွက်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေမှတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မြန်မာ-ကာဇက်စတန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဒေါ်ကျော့ယဉ်ဝင်းအစား စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင်ကို အဖွဲ့ဝင်နေရာအစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြပြီး အတည်ပြုချက်ရယူသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ-လာအို လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင်ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၉) ဦးအောင်မင်းနိုင်နှင့် အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇဝနတို့အပါအဝင် အဖွဲ့ဝင်ခုနစ်ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် အမျိုးသားလွှတ်တော်နှင့် လာအိုလွှတ်တော် ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းခြင်းနှင့် အသင်းများတွင်ပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဇူလိုင် ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်