Skip to main content

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မဲဇာကျေးရွာနှင့် နန့်သဲကျေးရွာတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်

နေပြည်တော် ဇူလိုင် ၄

NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် အစိုးရအုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန်နှင့် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ၎င်းတို့အလိုကျ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအား ယာယီစိုးမိုးကာ အဖျက်မှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism- Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ စိုးမိုးထားသော အင်းတော်မြို့အားလည်း ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါဒေသရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကျေးရွာများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အင်းတော်မြို့၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၇ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာခံစစ်ပြင်ဆင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အခြေချနေထိုင်သော နတ်မဟုတ်လေးကျေးရွာနှင့် ဆည်ရွာတို့အား လည်းကောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် လယ်နောင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် နတ်မဟုတ်ကြီး ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် သံဘိုကျေးရွာအားလည်းကောင်း အဆင့်ဆင့်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်ရှိ မဲဇာကျေးရွာနှင့် မြစ်ကြီးနား-ရွှေဘိုကားလမ်းပေါ်ရှိ နန့်သဲကျေးရွာတို့အား အသီးသီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် မဲဇာကျေးရွာအပါအဝင် အဆိုပါကျေးရွာများအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်ထိတွေ့မှုစုစုပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၇ လောင်း၊ လေယာဉ်ပစ် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ အကြမ်းဖက်လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ် ၂ စီး၊ Drone များ၊ Drone ဗုံးသီးများ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် အင်းတော်မြို့နှင့် မဲဇာကျေးရွာအကြားရှိ ကျေးရွာများအား ယာယီစိုးမိုးထားစဉ်အတွင်း ဆက်သွယ်ရေးမြောင်းများတူးကာ ပြည်သူလူထုနေအိမ်များ၊ ခြံစည်းရိုးများတွင် ဘန်ကာများပြုလုပ်၍ အခိုင်အမာခံစစ်ဆင်၍ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် မြစ်ကြီးနား-ရွှေဘိုကားလမ်းမကြီးအား ပိတ်ဆို့၍ အဆိုပါလမ်းကြောင်းပေါ်၌ သွားလာလျက်ရှိသော ခရီးသွားမော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များအား ဖမ်းဆီး၍ ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်ခဲ့ကြရာ ဒေသတွင်းကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရပြီး ပြည်သူလူထုအနေဖြင့်လည်း လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ပါးခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် လိုအပ်သည်များကို ပြည်သူလူထုနှင့်လက်တွဲ၍ ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။