Skip to main content

ပြည်သူ့လွှတ်တော်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၃၁

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမနှင့် ဒုတိယပုံမှန်အစည်းအဝေးများအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် တင်သွင်းမေးမြန်းခဲ့သည့် ကြယ်ပွင့်ပြ/ မပြမေးခွန်းများ၊ အဆိုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများကို ကော်မတီသို့ တင်ပြပေးပို့ရန်လိုအပ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် လွှတ်တော်တွင် ဖြေကြားထားသည့် ကတိ၊ ကဝတ်ဖြစ်ထားသော သက်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်နေဆဲအခြေအနေနှင့် ဆောင်ရွက်သွားမည့်အခြေအနေများကို ပေါင်းစပ်ညှိနှိုင်းတင်ပြဆွေးနွေးကြပါရန်နှင့် လွှတ်တော်သို့ ပြန်လည်အစီရင်ခံစာတင်သွင်းသွားရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ တက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ခံများက ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လွှတ်တော်အစည်းအဝေးများအတွင်း တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ရန် ကျန်ရှိနေသောလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ခံများက ရှင်းလင်းတင်ပြကြရာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်းပြီး ပြန်လည်သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ အတွင်းရေးမှူး ဦးသန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်