Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၂၇

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့စတင်ကျင်းပသည့် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်းတွင် ဆွေးနွေးကြရမည့် ဥပဒေကြမ်းများအနေဖြင့် ၁၃ ခုရှိပါကြောင်း၊ အဆိုများအနေဖြင့် အသင့်ဖြစ်အဆို (၃)ခု ရှိပါကြောင်း၊ မေးခွန်းများအနေဖြင့် အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း (၂၁၇) ခုရှိကြောင်းကို အသိပေး တင်ပြလို ပါကြောင်း။

ဒီမိုကရေစီ ကူးပြောင်းရေးကာလသည် များစွာနုနယ်သေးသည့် အခြေအနေတွင် ဒီမိုကရေစီ စံချိန်စံညွှန်းများရောက်ရှိရန် ဆက်လက် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီယဉ်ကျေးမှု အမြစ်တွယ်ထွန်းကားစေရန်နှင့် ပိုမိုခိုင်မာအားကောင်းလာစေရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အဓိကတာဝန်ရှိသည်ကို  စွဲစွဲမြဲမြဲ ယုံကြည်ထားကြစေလိုပါကြောင်း၊ ပြည်သူက အပ်နှင်းထားသည့် ဥပဒေပြုရေးအာဏာကို အသုံးချပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဘ၀တိုးတက်မြင့်မားလာစေရန် မိမိအပါအဝင် ကိုယ်စားလှယ်များ အားလုံးက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကိုယ်စားလှယ်များကလည်း တာဝန်များ ထမ်းဆောင်ကြရာတွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နည်းမှန်၊ လမ်းမှန်နှင့် ဆောင်ရွက်နိုင်ကြရန်လည်း အရေးကြီးကြောင်းကို ပြောကြားလိုပါကြောင်း။

မိမိတို့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသည် မကြာမီတွင် ၄ နှစ်ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ ယခုကာလအတွင်း အားသာချက်၊ အားနည်းချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး ကျန်ရှိသည့် လွှတ်တော်သက်တမ်းတွင် ပြည်သူ့အတွက် အကောင်းဆုံးထမ်းဆောင်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ မဲဆန္ဒရှင်များက အားကိုးယုံကြည်စွာ ရွေးချယ်တာဝန်ပေးအပ်ထားသည့် မိမိတို့သည် လွှတ်တော် တာဝန်နှင့် ကိုယ်စားပြုတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမှသာ ဥပဒေပြုရေးမဏ္ဍိုင်၏ စွမ်းဆောင်ရည် ဆက်လက်မြင့်မား နေမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးနှင့် စောင့်ကြည့်ထိန်းညှိခြင်း တာဝန်များကို ပီပြင်စွာ ထမ်းဆောင်နိုင်ရန် လိုအပ်သကဲ့သို့ မိမိရပ်ရွာ၊ မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်၏ ဖွံ့ဖြိုးတိုးတက်ရေးတာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်မှသာ ပြည်သူက ပိုမိုအားကိုး ယုံကြည်လာကြမည် ဖြစ်ပါကြောင်း။

ပြည်သူ့အသံကို ထင်ဟပ်စေသည့် လွှတ်တော်များသည် အားကောင်းသည့် ဥပဒေပြုရေးမဏ္ဍိုင်ကြီး ဖြစ်ရန်၊ ပြည်သူများအကြား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မာအားကောင်းစေရန် လွှတ်တော်ကိုယ်စားလှယ်များက ကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြရန် လိုအပ်လှပါကြောင်း၊ မိမိတို့ မေးမြန်း သည့် မေးခွန်းများ၊ တင်သွင်းသည့်အဆိုများ၊ အတည်ပြုလိုက်သည့် ဥပဒေကြမ်းများသည် ပြည်သူလူထုကို အကျိုးပြုနိုင်ရန် ဆန်းစစ်လေ့လာပြီး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  မိမိတို့ကို ပြည်သူလူထုက ယုံယုံကြည်ကြည်နှင့် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးပမ်း အားထုတ်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကြားကာလအတွင်း  ပေါင်မဲဆန္ဒနယ်မှ  ဒေါ်မိကွန်ချမ်း၏ ထိုင်းနိုင်ငံ ကျား၊ မ ရေးရာ ပြဿနာများ သိရှိနားလည် စေခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ဖွဲ့စည်းခဲ့သည့် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ၏ သက်တမ်းကို တစ်နှစ်ပြည့်မြောက်သောနေ့၏ နောက်တစ်ရက်ဖြစ်သော ၂၀၂၀ပြည့်နှစ်  ဇန်နဝါရီ ၂၃ ရက်မှစ၍ နောက်ထပ်တစ်နှစ် တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

ယင်းနောက် ပြည် မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၏ ပြည်မြို့နယ်အတွင်းရှိ နဝင်းချောင်း ရေတိုက်စားမှုကြောင့် ဆိုးရွားစွာ ကမ်းပြို လျက်ရှိသော ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်မြို့နယ်အတွင်းရှိ နဝင်းချောင်း  ရေတိုက်စားကမ်းပြိုလျက်ရှိသည့် ဇီးအုပ်ကျေးရွာအုပ်စု မြောင်းငယ်လှကျေးရွာ၊ သဲကုန်းကျေးရွာအုပ်စု လင်းပယ်ကျေးရွာနှင့် အုတ်ဆွဲကျေးရွာအုပ်စု ဝန်တင်ဆိပ်ကျေးရွာတို့၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည့်  ရန်ပုံ ငွေ စုစုပေါင်း  ငွေကျပ် ၂၆၃ ဒသမ ၆၄ သန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာ၀ဘေးရန်ပုံငွေသို့ တင်ပြတောင်းခံထားရှိပြီး ဖြစ်သကဲ့သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေတွင်လည်း တင်ပြတောင်းခံထားရှိပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ မီးရထားလက်မှတ်များကို ကားလက်မှတ်များ ရောင်းချသကဲ့သို့ ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် Online မှ ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့မီးရထားအနေဖြင့် လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်မည့်  Network Server မရှိသည့်အတွက် Online  မှလက်မှတ်ရောင်းချမှု စနစ်ကို မဆောင်ရွက်နိုင်သေးသော်လည်း ၂၀၁၉ခုနှစ် အောက်တိုဘာ ၁ ရက် မှစတင်၍ ဂျပန်နိုင်ငံ ODA ချေးငွေအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း၏ အဆင့် (၂) လုပ်ငန်းများတွင် ခရီးသည်ဝန်ဆောင်မှုကို မြှင့်တင်နိုင်ရန် ကြိုတင်လက်မှတ်ကိုလည်း Ticket Reservation စနစ်နှင့် ခရီးသည်ပြန်ကြားရေး Passenger Information စနစ်များ တပ်ဆင်ခြင်းလုပ်ငန်း ပါရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် တင်ဒါစာရွက်စာတမ်းများ ပြုစုပြင်ဆင်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

သို့ပါ၍ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း၏ အဆင့်(၂) လုပ်ငန်းများပြီးဆုံးမည့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရထား လက်မှတ်များကို ပြည်သူများသို့ Online  မှ ရောင်းချပေးနိုင်မည်ဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူမည့်  ခရီးသည်များအတွက် အချိန်နှင့် တစ်ပြေးညီ မျက်မြင်သိရှိနိုင်မည့် (Real-time Information System) အသုံးပြုပြီး လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည့် လက်မှတ် ရောင်းချမှုစနစ်ကို ပြောင်းလဲနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက်၊ (၆) ရပ်ကွက်၊ ၁၁/၁၄ ရပ်ကွက်များအား မြို့ကွက်အဆင့်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး Plan ရေးဆွဲနိုင်ရန်နှင့် ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ မည်သည့်အချိန်တွင် မူဝါဒဆိုင်ရာ အတည်ပြုချက်များ ရယူခြင်းကိစ္စ ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက  ဒလမြို့သစ် Master Plan တွင် အံ့ကြီး အနောက် ရပ်ကွက်၊ (၆) ရပ်ကွက်နှင့် (၁၁/၁၄) ရပ်ကွက်တို့၏ မြို့ကွက် အဆင့်မြှင့်တင်ရေးပုံစံများနှင့် ချိတ် ဆက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြန်လည်နေရာချထားရေး စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးတို့ အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် Stakeholder  အားလုံး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်၍ ရှင်းလင်း ဖြေကြားသည်။

မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၏ မြစ်သားမြို့နယ်အတွင်း၌ အရေးပါလှသော Class (A) အဆင့်ရှိ ကျေးရွာလမ်းများ ဖြစ်သည့် သစ်တက်ကုန်း-လက်ညှိုးထိုး-မြင်းခြံလမ်းနှင့် မန်းဝန်၊ မန်ကျီးကန်၊ တဲကြီး-လက်ညှိုးထိုး မြင်းခြံလမ်းများကို ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန် ကြီး ဒေါက်တာကျော်လင်းက ပထမလမ်းဖြစ်သည့် သစ်တက်ကုန်း ကျေးရွာအဝင်လမ်းသည်  လမ်းအဆင့် သတ်မှတ်ချက်အရ Class (A)၊ ဦးစားပေးအဆင့် (၁) လမ်းစာရင်းတွင် ပါဝင်သဖြင့် ဂဝံ လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ဒုတိယလမ်းဖြစ်သည့် တဲကြီး-မကျီးကန်-မင်းဝန်လမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A)၊ ဦးစားပေးအဆင့် (၁)လမ်း တွင် ပါဝင်ပြီး မကျီးကန်မှ မင်းဝန်အထိ လမ်းအရှည် (၂) မိုင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ကျန်လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ်၊ ဖောင်တော် သီကျေးရွာမှ ဖောင်တော်သီရွာမကျေးရွာသို့ သွားသော ရွာလယ်လမ်းမကြီးအား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီ မေမြင့်၏ တောင်ကုတ် မြို့နယ်အတွင်းရှိ နတ်မော်-ကုလားရောင် ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ မင်းလမ်းချောင်းတံတားအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး  ဒေါက်တာကျော်လင်းက ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စက်မှုဇုန်ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)