နေပြည်တော် ဇန်နဝါရီ ၁
ယနေ့ကျရောက်သည့် ၂၀၂၀ ပြည့်နှစ် နှစ်သစ်အခါသမယတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများနှင့် အပန်းဖြေ လည်ပတ်စရာ အထင်ကရနေရာများတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ် ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်နှင့် သံဝေဇနိယ လေးဌာန၊ သကျရံသီရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ဓာတုစယဓာတ် ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီတော်၊ ရန်အောင်မြင်စေတီတော်၊ ဖောင်တော်ချက်မဘုရားနှင့် အခြားဘုရား၊ စေတီ၊ ပုထိုးများတွင် ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခြင်းနှင့် တရားဘာဝနာပွားများအားထုတ်ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
ဥပ္ပါတသန္တိစေတီတော်သို့ လာရောက်ဖူးမြော်သူ မအိအိမိုးက “ဒီနေ့ကအစိုးရရုံးပိတ်ရက်လည်း ဖြစ်တဲ့အတွက် နေပြည်တော်တစ်ခွင်လုံး လည်ပတ်မှာပါ။ အခုဘုရားကို အရင်ဆုံးလာရောက် ဖူးမြော်ခြင်းဖြစ်ပါတယ်။ ဒါပြီးရင် ဆာဖာရီဥယျာဉ်နဲ့ တိုင်းရင်းသားကျေးရွာတွေကို လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ပိတ်ရက်မှာ မိသားစုနဲ့အတူ လည်ပတ်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ နှစ်သစ်မှာ အားလုံးကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးပါတယ်”ဟု ပြောသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သူငယ်ချင်းများအား ဘုရားဖူးလိုက်ပို့သူ ဦးအေးထွန်းက “ကျွန်တော် နေပြည်တော်မှာ တာဝန်ထမ်းဆောင်ရင်း သူငယ်ချင်းတွေကို ဘုရားဖူးလိုက်ပို့ တာပါ။ ဒီနေ့က နှစ်သစ်ဖြစ်တဲ့အတွက် တစ်နှစ်လုံးကုသိုလ်ကောင်းမှုတွေနဲ့ လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ပြီး လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ နှစ်သစ်မှာ အေးချမ်းတဲ့ နိုင်ငံတော်ကြီးဖြစ်ပြီး ဘေးအန္တရာယ်တွေ ကင်းရှင်းပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ပြောသည်။
ထို့ပြင် တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ရေပူစမ်းနှင့် ရေပန်းဥယျာဉ်တို့တွင်လည်း နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများဖြင့် ရှားပါးတိရစ္ဆာန်များ ကြည့်ရှုလေ့လာခြင်း၊ အဖွဲ့လိုက်ဂိမ်းကစားကြခြင်း၊ တိုင်းရင်းသားများ၏ ရိုးရာ အသုံးအဆောင်များ၊ အဝတ်အစားများဝတ်ဆင်၍ ဓာတ်ပုံရိုက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)မှ တာဝန်ခံဒေါ်ခင်နန်းစိုးက “ ဒီနေ့လာရောက် လည်ပတ်တဲ့သူတွေအတွက် ဥယျာဉ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား ရိုးရာအိမ်တွေကို ဝင်ရောက်လေ့လာခွင့်ပေးတယ်။ ပြီးရင်ရိုးရာအဝတ်အစားတွေဝတ်ဆင်ပြီး ဓာတ်ပုံရိုက်လို့ရအောင် စီစဉ်ထားပါ တယ်။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာအသုံးအဆောင်တွေကိုလည်း ကြည့်ရှု လေ့လာလို့ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သို့ တောင်ငူမြို့မှလာရောက်လည်ပတ်သူ ဒေါ်ပုချိုကလည်း “ အခုလိုပိတ်ရက်မှာ မိသားစုနဲ့ လျှောက်လည်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ နေပြည်တော်မှာ ဘုရားတွေဖူးပြီး အထင်ကရနေရာတွေကို လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ၂၀၂၀ ပြည့်နှစ် နှစ်သစ်မှာ အားလုံးသာယာအေးချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ပြောသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Capital Hyper Market ၊ Junction Center ၊ Ocean Supermarket စသည့် ဈေးဝယ်စင်တာများတွင်လည်း အဖွဲ့လိုက်ပျော်ရွင်စွာ ဈေးဝယ်ထွက်၍ ရုပ်ရှင်ကြည့်ကြသူ များဖြင့် စည်ကားလျက်ရှိသည်။
သတင်း-အောင်ရဲသွင်
ဓာတ်ပုံ-ကျော်ဇင်ထိုက်၊စိုးဝင်းထွန်း