ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
တရားတော်နာယူကြည်ညို
ယနေ့ကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်တွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက ဘာကိုပေးလှူရမလဲတရားတော်ကို ဟောကြားတော်မူရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တရားချစ်ခင်သူတော်စင်အပေါင်းတို့က ရိုသေစွာ တရားတော် နာယူကြည်ညိုကြသည်။
နှစ်သစ်ကူး တရားအလှူတော်ဓမ္မသဘင်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးရှိန်ဝင်းက “တစ်နှစ်တာကာလအတွင်းမှာ မိမိတို့လုပ်ဆောင်နေတဲ့လုပ်ငန်းတွေ အားလုံးအဆင်ပြေချောမွေ့ဖို့အတွက်ရယ်၊ ဗုဒ္ဓတရားတော်နဲ့အညီ နေထိုင်နိုင် အောင်ရယ် ဆရာတော်ကြီးတွေရဲ့ ဆုံးမဩဝါဒတွေအပေါ် မူတည်ပြီး မင်္ဂလာရှိတဲ့ နှစ်တစ်နှစ်ကိုဖြတ်သန်းဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ တရားပွဲဓမ္မသဘင်ကို ဆပ်ကော်မတီ ၁၂ ခုနဲ့ လုပ်ဆောင်ပါတယ်။ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ လည်းလုပ်အားပေးဖို့ပါဝင်သလို ပရဟိတလုပ်အားပေးအဖွဲ့တွေလည်း လူဦးရေတစ်ထောင်လောက် ပါဝင်အားဖြည့်ထားပါတယ်။ စတုဒိသာအကျွေးအမွေး အလှူတွေကလည်း ယခင်နှစ်ထက်ပိုများပါတယ်။ တရားနာသူတွေ အဆင်ပြေချောမွေ့စွာသွားလာနိုင်ဖို့အတွက် YBS ယာဉ်တွေအပြင် အငှားတက္ကစီယာဉ် တွေကိုလည်း အခမဲ့စီစဉ်ပေးထားပါတယ်” ဟု ပြောသည်။
စတုဒိသာအလှူရှင် ဦးဆန်းလင်းထွဋ်က “Ribena ဗိုက်တာမင်စီ ကျန်းမာရေးအားဖြည့်အချိုရည် လာလှူတာပါ။ နှစ်တိုင်းနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်မှာ စတုဒိသာအလှူ အမြဲလာလှူပါတယ်။ လှူတဲ့ပစ္စည်းကတော့တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ တစ်နှစ်ထက်တစ် နှစ်လည်း ပိုစည်ကားလာပါတယ်။ နှစ်သစ်မှာ အခုလိုလှူဒါန်းခွင့်ရတဲ့အတွက်လည်း ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ နှစ်တိုင်းလည်းလှူသွားမှာပါ” ဟု ပြောသည်။
ဆုတောင်း
နှစ်သစ်ကူး တရားအလှူတော်သို့ တရားနာလာရောက်သည့် သမိုင်းခဝဲခြံမှ ဒေါ်ခင်ခင်စောက “နှစ်ကူးတရားပွဲကို နှစ်တိုင်းတရားနာလာပါတယ်။ ရပ်ကွက်ထဲက ဓမ္မမိတ်ဆွေတွေလည်းပါပါတယ်။ အခုလို နှစ်သစ်ကူးမှာ ထေကြီးဝါကြီး ဆရာတော်ကြီးတွေရဲ့ တရားတော်ကို နာကြားခွင့်ရတဲ့အတွက် အင်မတန်မှ ကုသိုလ်တွေလည်းရပါတယ်။ တရားပွဲစီစဉ်တဲ့ သူတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ နောက်ရက်တွေလည်း တရားနာလာဦးမှာပါ။ နှစ်စဉ်နှစ်တိုင်း ယခုလိုတရားပွဲကြီးတွေ ပြုလုပ်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်” ဟုပြောသည်။
ယနေ့ကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်တွင် ဆံတော်ပွားငါးဆူ၊ အံတော်ပွားလေးဆူနှင့် စေတီခြောက်ဆူတို့အား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက တရားနာယူကြသည့် ပရိသတ်များကို ကံစမ်းမဲဖောက်ကာ မဲပေါက်သူများအား ပေးအပ်လှူဒါန်းသည်။
ထို့ပြင် ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဝိသာခါဖောင်ဒေးရှင်းနှင့် လေးကျွန်းသူ ဖောင်ဒေးရှင်းတို့မှ ပေးအပ်လှူဒါန်းသည့် ကျောက်စီပန်းချီကားနှင့် ဗုဒ္ဓဂယာ ပန်းချီကားများ အား ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ တရားနာယူရန် လာရောက်ကြသည့် တရားနာပရိသတ် ရှစ်သောင်းကျော်ရှိပြီး တရားဓမ္မသဘင်တွင် အလှူရှင်များက ကော်ဖီ၊ မုန့်၊ အချိုရည်၊ သောက်ရေသန့်များကို စတုဒိသာလှူဒါန်းကြပြီး တရားနာ လာသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် ကြို၊ ပို့ယာဉ်များကိုလည်း အခမဲ့စီစဉ်ပေးထားကြောင်း သိရသည်။
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးမည်
အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကို ယနေ့မှစတင်ကာ ဇန်နဝါရီ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂ ရက် (ကြာသပတေးနေ့)တွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ဇန်နဝါရီ ၃ ရက် (သောကြာနေ့)တွင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ တို့က နှစ်သစ်ကူးတရားရေအေး အမြိုက်ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မင်းသစ်(MNA)၊ ဓာတ်ပုံ - ရဲထွဋ်