Skip to main content

၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်များကို ခရီးသွားလည်ပတ်၍ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြ သူများ၏ စကားသံများ

နေပြည်တော် ဇန်နဝါရီ ၁

၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်များကို ခရီးသွားလည်ပတ်၍ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပြီးနောက် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့ ပြန်လည် ဝင်ရောက်ရန်နှင့် နေရပ်ဒေသများသို့ပြန်ကြရန် ရန်ကုန် - မန္တလေးအမြန်လမ်း (၁၁၅)မိုင် ယာဉ်ရပ်နားစခန်း၌ ခရီးတစ်ထောက် ခေတ္တအနားယူနေကြ သူများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်-

မခင်သန္တာကျော် (ဝန်ထမ်း)

ကျွန်မတို့ နှစ်သစ်ကူးရုံးပိတ်ရက်မှာ သံတောင်ကြီးကို တစ်ညအိပ်ခရီးစဉ် သွားခဲ့တာပါ။ မနက်ဖြန်ဆိုရင် ရုံးတွေဖွင့်ပြီဆိုတော့ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ရတော့မှာဖြစ်ပါတယ်။ သူငယ်ချင်း ရှစ်ယောက်စုပြီးခရီးထွက်ကြတာပါ။ တောထဲသွားတဲ့အခါ စိတ်လှုပ်ရှားစရာ ကောင်းပြီး ပျော်ဖို့လဲကောင်း ပါတယ်။ နော်ဘူဘောတောင်မှာရှိတဲ့ Church ကျောင်းကို သွားလည်ဖြစ်တယ်။ အမွှာတောင်လို့လည်းခေါ်တဲ့ ကရင်နှစ်သစ်ကူးတောင်ကိုလည်း ရောက်တယ်။ လက်ဖက်ခင်းတွေ သွားလေ့လာတယ်။ ပသိချောင်းမှာလည်း ပျော်ခဲ့ပါတယ်။ ၂၀၂၀ နှစ်သစ်ကိုတော့ သံတောင်ကြီးမှာပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ ပါတယ်။

ဒေါ် နီလာထွေး(ကုန်သည်)

နှစ်သစ်ကို နေပြည်တော်မှာ အေးအေးချမ်းချမ်းဖြတ်သန်းချင်လို့ ရန်ကုန်မြို့ကနေ လာခဲ့ကြတာပါ။ အန်တီတို့မိသားစုရယ်နဲ့ သမီးသူငယ်ချင်းတွေပါတယ်။ အပြန်ကျတော့ ဖိုးကျားဆင်စခန်းဝင်မယ်။ နေပြည်တော်မှာရှိတဲ့ ဘုရားတွေဝင်ဖူးတယ်။ နှစ်သစ်ကူးရက်မှာ နေပြည်တော်က ဟိုတယ်မှာပဲ မိသားစုတွေ၊ သမီးရဲ့သူငယ်ချင်းတွေနဲ့ပဲ ချက်ပြုတ်စားသောက်ပြီး ဖြတ်သန်းခဲ့ကြပါတယ်။ နှစ်သစ်မှာ ဒီလိုခရီးလေးထွက်ပြီးတော့ အေးအေးချမ်းချမ်းအနားယူရတာ တစ်နှစ်တာလုံးပင်ပန်းခဲ့တာတွေ၊ စိတ်ဖိစီးတာတွေ ပျောက်ကင်းသွားသလိုပါပဲ။ ကျန်းမာရေးအတွက်လည်း ဒီလိုခရီးထွက်တာကောင်းတယ်။

ဦးရွှေဘ (ကုမ္ပဏီယာဉ်မောင်း)

ရုံးပိတ်ရက်မှာ မိသားစုတွေနဲ့အတူ တောင်ကြီး - အင်းလေး - ပင်းတယ - ကလောကို လေးညအိပ် ငါးရက်ဘုရားဖူးပြီး ပြန်လာတာပါ။ အပြန်မှာတော့ နေပြည်တော်မှာရှိတဲ့ ဘုရားတွေကို ဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။ ခုလိုရုံးပိတ်ရက် မှာ ခရီးသွားရတာ စိတ်ပေါ့ပါးပြီး ပင်ပန်းသမျှပြေပျောက်စေသလို နှစ်သစ်မှာ လုပ်ငန်းခွင်ဝင်တဲ့အခါ အလုပ်လုပ်နိုင်ဖို့လည်း ခွန်အားတွေဖြစ်စေပါတယ်။ ၂၀၂၀ နှစ်သစ်မှာ တိုင်းပြည်အေးချမ်းသာယာဖို့၊ ပြည်သူလူထုတွေ စားဝတ်နေရေး အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်။

ကိုကျော်ကျော် (အောင်သပြေဘုရားဖူးပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း)

ကျွန်တော်တို့ ခရီးသွားလုပ်ငန်းက နှစ်သစ်ကူးပိတ်ရက်မှာ ပြင်ဦးလွင် ပန်းပွဲတော်၊ စစ်ကိုင်း၊ မန္တလေး၊ အင်းဝ၊ မုံရွာအလောင်းတော်ကဿပ၊ ကျောက်စိမ်းစေတီကိုသွားတယ်။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဆိုတော့ သူတို့ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ကြတဲ့ ကျောင်းသားတွေပါတယ်။ နှစ်သစ်ကူး ချိန်မှာတော့ အစ်ကိုတို့ကားက ၁၁၅ မိုင်မှာ ရောက်နေတော့ အဲဒီမှာပဲ ကားပေါ်ပါတဲ့ ခရီးသွားပြည်သူတွေနဲ့အတူ နှစ်သစ်ကို ဖြတ်သန်း လိုက်ပါတယ်။ ဒီလိုကားပေါ်မှာပါတဲ့ ခရီးသည်တွေနဲ့ ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းလိုက်ရတာလည်း အမှတ်တရတစ်ခုပါပဲ။ ၂၀၁၉ ခုနှစ်ထဲမှာ ရုံးပိတ်ရက်တွေလည်းများ တော့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ အစုအဖွဲ့လိုက် ခရီးသွားကြတာတွေရှိပါတယ်။ နှစ်သစ်မှာအားလုံးလုပ်ငန်းကိစ္စများ အဆင်ပြေ ချောမွေ့ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဦးထွန်းထွန်းမင်း(ကုန်သည်)

မိသားစုနဲ့အတူတူ နေပြည်တော်မှာရှိတဲ့ အစ်ကိုဆီမှာဝင်တည်းပြီး ပုဂံကိုသွားလည်တယ်။ နေပြည်တော်ဘုရားတွေ ဝင်ဖူးတယ်။ ခရီးစဉ်ကတော့ သုံးညအိပ် လေးရက်ခရီးဖြစ်ပါတယ်။ ခုလိုခရီးထွက်ရတဲ့အတွက် ရပ်ဝေးမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့လည်း ပြန်လည်ဆုံရတဲ့အတွက် ပျော်ဖို့ကောင်းပါတယ်။ နှစ်သစ်ကူးအချိန်ကိုတော့ မိသားစုတွေနဲ့အတူတူ ပျော်ပျော်ပါးပါးချက်ပြုတ်စားသောက်ပြီး ဖြတ်ကျော်ခဲ့ပါတယ်။

ဒေါ်မော်မော်လွင်(ဝန်ထမ်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

နေပြည်တော်မှာ သူငယ်ချင်းတွေနဲ့အတူတူဖြတ်သန်းဖို့အတွက် ရန်ကုန်မြို့ကနေ နေပြည်တော်ကို နှစ်သစ်ကူးအမီသွားခဲ့တာပါ။ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နှစ်သစ်ကူးခဲ့တာပါ။ မနက်ဖြန်ရုံးတက်ရမှာဆိုတော့ ဒီနေ့ ရန်ကုန်မြို့ကို ပြန်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်လုံး အလုပ်တွေကြိုးစားကာ အခုလိုနှစ်သစ်ကူးချိန်မှာ ခရီးထွက်ပြီး စိတ်အပန်းဖြေရတာ စိတ်ပျော်ရွှင် လန်းဆန်းစေပါတယ်။၂၀၂၀ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အလုပ်တွေ အဆင်ပြေကြပါစေ၊ ကျန်းကျန်းမာမာနဲ့ တစ်နှစ်ပတ်လုံးပျော်ရွှင်စွာ ဖြတ်သန်းနိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။

ဦးသန်းကျော် (လုံခြုံရေးဝန်ထမ်း)

ဒီရက်ပိုင်းမှာ ပုံမှန်ထက် ဒီယာဉ်ရပ်နားစခန်းမှာ ကားဝင်ရောက်မှု သုံးဆလောက်ပိုရှိပါတယ်။ အိမ်စီးကား၊ ဘုရားဖူးကားတွေများပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသားတွေအစုအဖွဲ့လိုက် ဘုရားဖူးခရီးထွက်လာကြတာတွေ တွေ့ရတယ်။ ကျွန်တော်တို့က ကား အဝင်/ အထွက်ကို တစ်စီးနဲ့တစ်စီး မထိခိုက်အောင်၊ ခရီးသွားတွေရဲ့ပစ္စည်းတွေ မပျောက်အောင် ၂၄ နာရီ တာဝန်ယူစောင့်ရှောက်ပေးပါတယ်။

ဦးလှိုင်ဝင်းထွဋ်(ဒေးဒရဲမြို့)

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ကပါ။ သူငယ်ချင်းကိုးယောက်စုပြီး ခရီးသွားကြမှာပါ။ နှစ်သစ်ကိုတော့ ကျွန်တော်တို့မြို့မှာပဲ ဖြတ်သန်းခဲ့ပါတယ်။ အခုခရီးစဉ်က နှစ်သစ်မှာ စိတ်ပျော်ရွှင်စေဖို့ ခရီးထွက်တာဖြစ်ပါတယ်။ ဒီညမန္တလေးမှာအိပ်ပြီး မြစ်ကြီးနားကို သွားမယ်။ ဇလုံတောင်တို့၊ အင်းတော်ကြီးတို့ သွားမယ်။ ပြီးရင် မိုးကုတ်ဝင်မယ်။ မိုးကုတ်ကနေ မန္တလေးကို ပြန်မယ်။ ခရီးစဉ်က တစ်ပတ်လောက်ကြာပါမယ်။ နှစ်သစ်မှာ ပထမဆုံးခရီးထွက် ရတာပျော်ဖို့ ကောင်းပါတယ်။

တွေ့ဆုံမေးမြန်း-မျိုးသူဟိန်း
ဓာတ်ပုံ-အေးသန်း