မိုးကြိုးအန္တရာယ် လူတိုင်းအသိသတိပြုကာကွယ်
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဘေးအန္တရာယ်မျိုးစုံ ဖြစ်ပေါ်လျက်ရှိသည်ကို သတင်းမီဒီယာအစုံမှ သိရှိတွေ့မြင်နေကြရသည်။ ကမ္ဘာမြေပေါ်တွင် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ တိရစ္ဆာန်များ သေကျေပျက်စီးခြင်းစသည်တို့ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် ပင်လယ်ရေမြင့်တက်ခြင်း၊ ရေနေသတ္တဝါများ သေကျေပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ လေမုန်တိုင်းများ အရှိန်ပြင်းစွာ မကြာခဏတိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဘေးဒုက္ခကြုံတွေ့နေရသည်။ အလွန်ပူပြင်းသောအခါ လေထုမငြိမ်မသက်ဖြစ်ခြင်း၊ မုတ်သုံလေမဝင်ရောက်မီကာလအတွင်း အရှေ့မြောက်မှလာသည့်လေတို့သည် မျက်နှာချင်းဆိုင်တိုက်ခတ်မှုကြောင့် လေကြောင်းနှစ်ခုဆုံတွေ့သည့် နေရာအနီးတစ်ဝိုက်တွင် လေထုမငြိမ်မသက်ဖြစ်ခြင်းကြောင့် လေများအပေါ်သို့ ထိုးတက်ရာမှ မိုးတိမ်တောင်ကြီးများ တန်းစီဖြစ်ပေါ်ပြီး တိမ်တိုက်ကြီးများအတွင်း လေထုနှင့် မိုးရေပေါက်တို့ ပွတ်တိုက်မှုများဖြစ်ပေါ်ကာ တည်ငြိမ်လျှပ်စီးများ ဖြစ်ပေါ်လာသည်။
