အားလုံးပါဝင် စားသုံးသူအခွင့်အရေး လှုပ်ရှားမှုများတွင်
နှစ်စဉ် မတ်လ ၁၅ ရက်နေ့တိုင်းတွင် စားသုံးသူလှုပ်ရှားမှုအဖြစ် World Consumer Rights Day “ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့”ကို ကျင်းပလေ့ရှိပြီး ကမ္ဘာလုံးဆိုင်ရာစားသုံးသူအခွင့်အရေး၊ စားသုံးသူကာကွယ်ရေးနှင့် စွမ်းဆောင်နိုင်မှုများကို အသိပညာမြှင့်တင်ပေးသည့် အလွန်အရေးပါသည့် နေ့တစ်နေ့ဖြစ်သည်။ အဆိုပါနေ့သည် မိမိအနေဖြင့် ပစ္စည်းများကို ဝယ်ယူသည့်အခါ မိမိ၏အခွင့်အရေးများအကြောင်းကို မိမိကဲ့သို့လူများကို သိနားလည်ရန် လုပ်ဆောင်ရမည့်နေ့ဖြစ်သည်။ စားသုံးသူအခွင့်အရေးဆိုသည်မှာ သင်ဝယ်ယူလိုသည့် ဝန်ဆောင်မှု (သို့မဟုတ်) ပစ္စည်းများနှင့်ပတ်သက်၍ အရေးကြီးသည့်အရာများဖြစ်သည့် အရည်အသွေး၊ ဈေးနှုန်းနှင့် စိတ်ချလုံခြုံမှုတို့ကို သိရှိနိုင်ခွင့်ရှိသည်။ တစ်နည်းအားဖြင့် World Consumer Rights Day သည် လူတိုင်းအတွက် တရားမျှတ၊ ဘေးကင်းပြီး ရေရှည်တည်တံ့သော စျေးကွက်တစ်ခုအတွက် စားသုံးသူများ၏ စွမ်းအားနှင့် ၎င်းတို့၏ အခွင့်အရေးများကို မီးမောင်းထိုးပြနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။
