၂၀၂၄ နှစ်သစ်အစမှာ ဂျပန်နိုင်ငံ ရင်ဆိုင်ခဲ့ရတဲ့ မြေငလျင်ကြီး
နှစ်သစ်တစ်ခုကို စတင်ကူးပြောင်းတဲ့ပထမဆုံးနေ့မှာ တစ်နိုင်ငံလုံးမှာရှိကြတဲ့ ဂျပန်လူမျိုးတွေဟာ မိသားစုလိုက် ဘုရားကျောင်းကိုသွားပြီး အရိုအသေ အလေးအမြတ်ပြုမှုနဲ့ လာမယ့်နှစ်တစ်နှစ်လုံးမှာ ပျော်ရွှင်ချမ်းမြေ့မှု၊ ကျန်းမာချမ်းသာမှု၊ ကြွယ်ဝချမ်းသာမှုနဲ့ လုပ်ငန်းကိုင်ငန်းတွေမှာ အစစအရာရာ အဆင်ပြေမှုရှိစေဖို့ ဆုတောင်းကြလေ့ရှိပါတယ်။ ဂျပန်လိုတော့ ဟတ်ဆူမိုဒေး (Hatsumode) လို့ ခေါ်တဲ့ ဓလေ့ထုံးစံတစ်ခု ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ဟာ ဂျပန်နိုင်ငံမှာ တရားဝင်ရုံးပိတ်ရက် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်သစ်အစ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ထုံးစံအတိုင်း ဘုရားကျောင်းကန်တွေမှာ လူစည်ကားခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး တည်ငြိမ်အေးချမ်းမှုရရှိစေဖို့ ဆုတောင်းခဲ့ကြတဲ့ ဂျပန်လူမျိုးတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ ဖြစ်စဉ်ကြီးတစ်ခုကတော့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ ဖြစ်ပွားခဲ့ပါတယ်။
