အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် သပြေပင်ကျေးရွာအုပ်စု၊ နှောရင်းကျေးရွာ၊ ကွင်းအမှတ် ၂၇၂-ခ၊ ဦးပိုင်အမှတ် ၁၀၇ ရှိ တောင်သူ ဦးနန်းဝင်းရွှေ၏ လယ်ကွင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က မျိုးစေ့ထုတ် မိုးစပါးများ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံ ရန်ပုံငွေ ဖြင့် အမှတ်(၃)ရပ်ကွက်၊ မဒေးဝကျောင်းလမ်းအား ကွန်ကရစ် ခင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက်အုတ်စီရေမြောင်း ပြုလုပ်ခြင်းတို့အား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့်ဝန်ထမ်းများ က အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်မည့်လုပ်ငန်းများအား ရပ်ကွက်နေ ပြည်သူများ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့ကြပြီး လမ်းကော်မတီနှင့်ရေမြောင်းကော်မတီများ ဖွဲ့စည်းပေး ခဲ့ကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ထိုင်းနိုင်ငံ နေရပ်ပြန် ပြည်သူ(၁၈၅)ဦးကို သက်ဆိုင်ရာမြို့နယ်များသို့ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။
Aug 19,2020
ပခုက္ကူမြို့နယ်အတွင်းရှိ တောင်သူ(၂၆၂၀)ဦး၏ စိုက်ပျိုးဧကပေါင်း(၁၈၉၈၇)ဧကအတွက် ကိုဗစ်-၁၉ကာလ စိုက်ပျိုး စရိတ်ချေးငွေအဖြစ် ဇွန်လမှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ သိရသည်။
Aug 19,2020
မုံရွာခရိုင် ဘုတလင်မြို့နယ်အတွင်းရှိ မြစ်ရေတင် စီမံကိန်းမှ ရရှိသော စိုက်ပျိုးရေဖြင့် ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်သူများ လာသဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် များ ပုံမှန်ရရှိကာ နေ့စဉ်ဝင်ငွေများ ရရှိလျက်ရှိကြောင်း နေ့စား အလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။
Aug 19,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စစ်ဆေးရေးအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့မစျေးအတွင်း ရောင်းချနေသော အစားအသောက်များ၌ ကျန်းမာရေးကို ထိခိုက်စေသော ကြာရှည်ခံဓာတုဆိုးဆေးများ ရောစပ် ရောင်းချနေခြင်း ရှိ/မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးသိန်းဆွေ၊ မြို့နယ် ကျန်းမာရေးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစံကြည်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က မြို့မစျေးအတွင်းသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂ ပထမ အကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားသည့်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများက ဩဂုတ်လ ၁၇မှစတင်၍ မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို စတင်စိစစ် ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။