အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေး တာဝန်ကို ထမ်းဆောင်ရန် အထူးရဲသင်တန်းကို အောက်တိုဘာလ (၁) ရက်နေ့မှ စ၍ အောင်သုခရပ်ကွက်ရှိ ထန်းခြောက်ပင်ကျောင်းတိုက် ဓမ္မာရုံ၌ ဖွင့်လှစ်လျက်ရှိရာ အဆိုပါ သင်တန်းတွင် တက်ရောက်နေကြသော အထူးရဲသင်တန်းသားများကို ယမန်နေ့ မွန်းလွဲ(၃) နာရီ မှစတင်ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Oct 07,2020
ရန်ကုန်​မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင်ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ အတည်ပြုပိုးတွေ့လူနာ များမြင့်တက် လာခြင်းကြောင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ထောက်ကြန့် ရတနာစျေး၊  ရတနာသီရိစျေးနှင့် သင်္ဃန်းကျွန်းကြီး မင်္ဂလာစျေးအတွင်း ရောင်းဝယ်မှု ရှိ / မရှိ ယမန်နေ့ နံနက်က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဈေးတာဝန်ခံများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 07,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှုအစီအစဉ်အရ ကျိုက်ထိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူ များ အား  ထောက်ပံ့ငွေ  (၃၀၀၀၀) ကျပ်ကို  အောက်တိုဘာ  ၆ ရက်နေ့မှ  စတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတဆင့်  ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 
Oct 07,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာရှိ တောင်သူများ အား မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းတွင် မျိုးကွဲပယ်ခြင်းများ စနစ်တကျဖြစ်စေရေးအတွက် ယမန်နေ့က လက်တွေ့ သရုပ် ပြသပေးခဲ့ကြကြောင်းသိရသည်။
Oct 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 07,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝင်ရောက်လာသည့် ကုန်တင်မော်တော်ယာဉ်များနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ထွက်ခွာမည့် ကုန်တင်မော်တော်ယာဉ်များရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်တိုဘာ ၅ ရက်နေ့မှ စတင်၍ RDT Test Kit ဖြင့် စစ်ဆေးပေးလျက် ကြောင်း သိရသည်။