Skip to main content

မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးဟောပြော

ရန်ကုန်  ဇန်နဝါရီ  ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းရှိ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ က အဆိုပါဆေးရုံကြီးရှိ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက အမှာ စကားပြောကြားပြီး ဆေးတက္ကသိုလ် (၂) ရန်ကုန်ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်ကျော်သူ က History and Epidemiology ၊ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာကျော်သူရ က Pathophy-siology and Clinical Features၊ ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာ ဆွေဆွေသစ် က Investigation and Diagnosis၊ အဏုဇီဝဌာနမှ ဒေါက်တာ မြင့်သဇင်အောင်က Laboratory Diagnosis And sample collection၊ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစန်းစန်းဝင်းက Treatment နှင့် ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာသင်းသင်းနွဲ့က Prevention အကြောင်းတို့ကို ဟောပြောကြသည်။

ဆေးတက္ကသိုလ်(၂) ရန်ကုန် ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာသင်းသင်းနွဲ့က “ ဒီလို ဟောပြောပွဲတွေ လုပ်ခြင်းအားဖြင့် လက်ရှိဖြစ်ပွားနေတဲ့ အဆုတ်ရောင် ပြင်းထန်ရောဂါကို အများပြည်သူတွေလည်း သိရှိမယ်။ ကျန်းမာရေး ဝန်ထမ်းတွေလည်း သိရှိမယ်။ ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာလည်း အားလုံးသိစေချင်တာပါ။ ဒီနေ့ဟောပြောပွဲမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဖြစ်စဉ်၊ ရောဂါဖြစ်တဲ့ လူနာတွေ ရောက်လာရင် ဘယ်လိုကုသရမလဲ၊ ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ် ရမလဲဆိုတာတွေ ဟောပြောပါတယ်။ ဒီရောဂါက မဖြစ်အောင်ကာကွယ်တဲ့ နည်းလမ်းကတော့ လူတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ရောဂါဖြစ်တဲ့ သူဆီက မကူးအောင် အဓိကလက်ကို စင်ကြယ်အောင် ဆေးကြောရမယ်။ လူနာကို မကိုင်တွယ်ခင်မှာလည်း လက်ကိုစင်ကြယ်အောင် ဆေးကြောမယ်။ နှာခေါင်းစည်း တပ်ဆင်ထားရမယ်ဆိုတာ ဟောပြော ခဲ့ပါတယ်” ဟု ပြောသည်။

ဆေးတက္ကသိုလ်(၂) ရန်ကုန် ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်ကျော်သူ က “ ဒီနေ့ ဆေးပညာဟောပြောပွဲမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်း ရပ်စ်အကြောင်း ဆွေးနွေးပြောပြခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာ ဝူဟန်မြို့မှာ နမိုးရီးယား စပြီးဖြစ်တယ်။ ဆက်ပြီးလိုက်တဲ့အခါ ဇန်နဝါရီလထဲမှာပဲ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တယ်ဆိုတာ သူတို့သိလာကြတယ်။ အဲဒီဗိုင်းရပ်စ်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဖြစ်လာ တယ်။ ဒီနေ့ဟောပြောပွဲမှာ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်နဲ့ အရင်ဖြစ်ဖူး တဲ့ ဗိုင်းရပ်စ်ပိုးတွေအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်” ဟု ပြောသည်။

ယနေ့ ပြုလုပ်သည့် အသိပညာ ပေးဆွေးနွေးပွဲသို့ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ဆရာဝန်များ၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

သတင်း - မင်းသစ်(MNA)