Skip to main content

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသောခရီးသည် (၁) ဦးအား ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ တွေ့ရှိရသဖြင့် လိုအပ်သော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်

နေပြည်တော် ဇန်နဝါရီ ၃၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသော 2019-nCoV Infection ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ ထွက်ပေါက်များတွင် အဖျား လက္ခဏာ နှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၃၁-၁-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၄၅) အချိန်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) မြို့မှ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော China Southern Airlines လေယာဉ် (၁) စီးပေါ် တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ခရီးသည် (၁) ဦး လိုက်ပါလာကြောင်း လေယာဉ် မဆင်းသက်မီကပင် လေယာဉ်မှူးမှ အကြောင်းကြားလာသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်း ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများသည် ခရီးသည်အား ကျန်းမာရေးစစ်ဆေးပေးရန်နှင့် လိုအပ်ပါက သီးခြား ထားရှိ ဆေးကုသမှုပေးနိုင် ရန်အတွက် အဆိုပါလေယာဉ်ပေါ်သို့ရောဂါကာကွယ်ရေးဝတ်စုံများဝတ်ဆင်၍ တက်ရောက် စစ်ဆေး ခဲ့ပါသည်။

အဆိုပါလေယာဉ်ပေါ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား၊ အသက် (၅၆)နှစ်အရွယ် အမျိုးသား (၁) ဦးသည် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ရှိနေကြောင်း တွေ့ရှိရပြီး အဆိုပါ ခရီးသည်သည် ကွမ်ကျိုးမြို့ တွင် နေထိုင်သူဖြစ်ကာ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ ယခု ဆိုက်ရောက်လာသော လေယာဉ်ဖြင့် လိုက်ပါလာခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ဝူဟန်မြို့သို့ ခရီးသွားရောက်ခဲ့ခြင်းမရှိကြောင်း နှင့် 2019-nCoV Infection ဖြစ်ပွားသည်ဟု အတည်ပြုသောလူနာ (သို့မဟုတ်) သံသယလူနာများဖြင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်မရှိကြောင်း သိရှိရ ပါသည်။

အဆိုပါလူနာအား သီးခြားထားရှိကုသမှုပေးနိုင်ရန်အတွက် ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်သို့ သတ်မှတ် ထားသော လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများမှ လိုအပ်သော ဆေးကုသမှုများ ပေးလျက်ရှိပါသည်။

လူနာ၏လက်ရှိ အခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိပြီး သီးခြားခန်း (isolation room) တွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန် ထားသော 2019-nCoV Infection ရောဂါသံသယ (သို့မဟုတ်) အတည်ပြု လူနာ သတ်မှတ် ချက်များနှင့် မကိုက်ညီသော် လည်း ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း လက္ခဏာများရှိနေပြီး ၎င်းနေထိုင်သည့် ကွမ်ကျိုးမြို့သည် ဟူနန်ပြည်နယ်တွင်တည်ရှိပြီး ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဟူပေပြည် နယ်နှင့် နီးကပ်နေသဖြင့် စောင့်ကြပ်ကြည့်ရှုရန်နှင့် မြန်မာနိုင်ငံ အတွင်းသို့ ရောဂါကူးစက်ဝင်ရောက်မှု မရှိစေရေး အတွက် လူနာအား သီးခြားထားရှိကုသမှုပေးခြင်း ဖြစ်ပါသည်။

အဆိုပါ China Southern AIRLINE လေယာဉ်ခရီးစဉ်အမှတ် CZ 3066 ပေါ်တွင် နိုင်ငံခြားသားများ နှင့် မြန်မာ နိုင်ငံသား (၂)ဉီးအပါအဝင် စုစုပေါင်း ခရီးသည် (၇၉) ဉီး နှင့် လေယာဉ်အမှုထမ်း (၇)ဦး လိုက်ပါလာပါသည်။

လေယာဉ်ဖြင့်လိုက်ပါလာသူ မြန်မာနိုင်ငံသား အမျိုးသား (၂) ဦးတွင် 2019-nCoV Infection ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိသော်လည်း ၎င်းတို့အား ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်လျက်ရှိပြီး ရောဂါ ကူးစက်မှု ခံရပါ က စောစီးစွာသိရှိပြီးကုသမှုပေးခြင်းဖြင့် အခြားသူများသို့ ကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် စစ်ဆေး အတည်ပြုနိုင်ရန် ဓါတ်ခွဲနမူနာရယူ၍ စစ်ဆေးသွားမည်ဖြစ်ပါသည်။

ဓါတ်ခွဲစစ်ဆေးနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား ခရီးသည်နှင့် မြန်မာနိုင်ငံသား ခရီးသည် (၂) ဦး စုစုပေါင်း (၃) ဦးထံမှ ဓါတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှတစ် ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်း ဓာတ်ခွဲစစ်ဆေးရန် စီစဉ်ထားရှိပြီးဖြစ်ပါသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည်များနှင့် လေယာဉ်အမှူထမ်းများအား ခွဲခြားထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ် (Quarantine) ကို (၂) ပတ်ဆောင်ရွက်မည်ဖြစ် ကြောင်း အသိပေး ဆွေးနွေး ခဲ့ရာ ၎င်းတို့သဘောဆန္ဒအရ မြန်မာနိုင်ငံ အတွင်းသို့ဝင်ရောက်မှုမရှိဘဲ ယနေ့၊ နေ့လယ် (၁း၅၀) နာရီအချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားသည်ဟု သိရှိရပါသည်။

Ref; Ministry of Health and Sports, Myanmar