Skip to main content

ပန်ဆိုင်း(ကြူကုတ်)နှင့် မုံးကိုးမြို့တို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင် အထွက်ဂိတ်များတွင်ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှု

မူဆယ် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့၌ တည်ရှိသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်တို့မှ ဝင်ထွက် သွားလာနေသည့် ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးမှုများ ဆောင် ရွက်နေသည့် အခြေအနေများကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးကိန်မိုင် ဦးဆောင်သည့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး သည်။

ရှေးဦးစွာ ပန်ဆိုင်း(ကြူကုတ်)မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်ဖြစ်သော ဝမ်တိန်ဂိတ်မှ

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဝင်/ထွက်သွားလာနေသည့် ပြည်သူများအား သာမိုမီသာဖြင့် ကျန်းမာရေး စစ်ဆေးမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်သို့ ကူးစက် ပြန့်ပွားလာခြင်းမရှိစေရန်အတွက် သေချာစွာ စောင့်ကြည့်စစ်ဆေးကြရန်နှင့် လိုအပ်သည်များကို အကြံပြုမှာကြားသည်။

ဆက်လက်၍ မုံးကိုးမြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်ဖြစ်သည့် မန်ဟိုင်းဂိတ်မှ ပြည်သူများ ဝင်/ထွက်သွားလာမှုကို မေးမြန်းပြီး ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ဝင်/ထွက်ပြုနေသည့် ပြည်သူများအား သာမိုမီတာဖြင့် လက်တွေ့တိုင်းတာခြင်းများ ဆောင်ရွက်သည်။ ဆက်လက်ပြီး နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်များတွင် သတိရှိစွာ စစ်ဆေးကြရန်နှင့် ထူးခြားမှုများကို အချိန်နှင့်တစ်ပြေးညီ အထက်သို့ တင်ပြကြရန် မှာကြားသည်။

ထို့နောက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နယ်စပ်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပြည်သူ များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာ ပေးလုပ်ငန်းများ များများဆောင်ရွက်ပေးရန်၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးရန်၊ တစ်စုံတစ်ရာ ထူးခြားမှု ရှိလာပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရ သည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)