Skip to main content

သကြားအား ဂရိနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းလာ

 

မန္တလေး ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံမှ ထွက်ရှိသော သကြားကို ဂရိနိုင်ငံမှ လုပ်ငန်းရှင် တစ်ဦးက ဆိပ်ကမ်းအရောက် တစ်တန် လျှင် ဒေါ်လာ ၄၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်း ရှင်များ အသင်းဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည်။

''တရားဝင်တင်ပို့ပြီး ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ပြည်တွင်းမှာကလည်း သကြားဈေးကွက် ပျက်လုနီးနီးဖြစ်နေ တဲ့အပြင် အရေအတွက် တော်တော် များများလည်း ကျန်ရှိနေကြ တယ်။ ဒါကြောင့် တင်ပို့နိုင်အောင် လုပ်ငန်းရှင် အားလုံးကို အသင်းအနေနဲ့ စာထုတ်ပြီး အသိပေးထားတယ်။ စိတ်ဝင် စားသူတွေ အနေနဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အသင်းကို ဆက်သွယ်ကြပါ'' ဟု ၎င်းက ပြော သည်။

အဆိုပါဝယ်ယူမှုတွင် တစ်လလျှင် တန်ချိန်တစ်ထောင်ခန့်ဖြင့် ကာလကန့်သတ် ချက်မထားဘဲ ဝယ်ယူမည်ဟု ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

''မြန်မာနိုင်ငံက ထွက်ကုန်တွေကို တရုတ်ကိုပဲ အဓိကအားထားပြီး တင်ပို့နေရ တယ်။ သူတို့ကလည်း မြန်မာ နိုင်ငံက ပစ္စည်း ဆိုရင် တရားဝင်တင်ပို့ခွင့်မပြုပေမယ့် ဈေး နည်းနည်းနဲ့တင်ပို့ရင်တော့ ဝယ်ယူကြတယ်။ ဒါကြောင့် အခု ဂရိနိုင်ငံက တရားဝင်ကမ်းလှမ်း တာကို လက်မလွှတ်ဘဲ အဆင်ပြေအောင် တင်ပို့ကြဖို့ လိုတယ်။ ဒါမှ ဈေးကွက်အသစ် လည်း ရမယ်။ ရေရှည်လုပ်သွားမယ်ဆိုရင် အကျိုးများနိုင်မယ်လို့ ထင်တယ်'' ဟု သကြား စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံသို့ တင်ပို့ရန် အတွက် Re-export သကြားများကို ပြည်တွင်း သို့တင်သွင်း ခွင့်ပြုခဲ့ရာ လုပ်ငန်းရှင်များက အရေအတွက်အများအပြား တင်သွင်းခဲ့ခြင်း၊ ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများက လည်း ၎င်းတို့အသုံးပြုသောပမာဏထက် ပိုမိုကာ သကြားများကို တင်သွင်းခဲ့ခြင်းနှင့် တရုတ် နိုင်ငံကလည်း သကြားဝယ်ယူမှုကို လုံးဝရပ်နားလိုက်ခြင်းကြောင့် ပြည်တွင်း၌ သကြားအရေအတွက် များပြား စွာကျန်ရှိနေ သည့်အချိန်တွင် ယခုကဲ့သို့ ဝယ်ယူမှု ရှိလာခြင်းသည် ဈေးကွက်အတွက် အကျိုးရှိ နိုင်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)