နေပြည်တော် ဇန်နဝါရီ ၃၁
သုတေသနနှင့် ပညာပေးလုပ်ငန်း များကို အရှိန်မြှင့်တင်ဆောင်ရွက် လာစေရေး၊ ဝန်ထမ်းများ စွမ်းဆောင် ရည် မြင့်မားလာစေရေး၊ ဒေသ အသီးသီး၌ ဆောင်ရွက်ခဲ့ကြသည့် စမ်းသပ်ကွက် စံပြကွက်သုတေသန လုပ်ငန်း အတွေ့အကြုံများကို ဝန်ထမ်းအချင်းချင်း မျှဝေပေးနိုင်ရေး တို့ကို ရည်ရွယ်ကျင်းပသည့် သုတေသနနှင့် ပညာပေးလုပ်ငန်းများ မြှင့်တင်ရေး ဒုတိယအကြိမ် စာတမ်း ဖတ်ပွဲကို ဇန်နဝါရီ ၂၉ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် တိုင်းဒေသ ကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးရေး ဦးစီးဌာနများက ဒေသအလိုက် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက် ခဲ့သော စမ်းသပ်ကွက်၊ စံပြကွက် လုပ်ငန်းရလဒ်များ၊ သုတေသန လုပ်ငန်းရလဒ်များကို လက်တွေ့ ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများက စာတမ်း ပြုစုတင်သွင်း ဖတ်ကြားကြခြင်း ဖြစ်ပြီး အခမ်းအနားတွင် အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးနှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း တို့က အမှာစကားပြောကြားကြသည်။
အဆိုပါ စာတမ်းဖတ်ပွဲသည် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကာ နှစ်စဉ် ကျင်းပပေးသွားမည်ဖြစ် ကြောင်း၊ ဒုတိယတိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ပါဝင်သည့် စာတမ်းအမှတ်ပေးအဖွဲ့က စိစစ် ရွေးချယ်၍အကောင်းဆုံး စာတမ်းဆု များကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
စာတမ်းဖတ်ပွဲကို သုံးရက်ကြာ ကျင်းပခြင်းဖြစ်ပြီး သုတေသနနှင့် ပညာပေးစာတမ်း ၄၃ စောင်ကို ဖတ်ကြား တင်သွင်းခဲ့ကြောင်း၊ ပြောင်းလဲ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေမှု ရှိသည့် နည်းစနစ်များဖြစ်ရန်၊ ဒေသပတ်ဝန်းကျင် အခြေအနေနှင့် တောင်သူများ လက်ခံနိုင်မှုရှိမည့် နည်းပညာအသစ်များ ဖော်ထုတ်ရန်၊ ဈေးကွက်ကလိုလားသော သီးနှံ အမယ်သစ်များကို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်စေရန်နှင့် ရှေရှည် တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများဖြစ်ရန် မျှော်မှန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
သိမ့်သိမ့်မိုး