စည်းကမ်းရှိသောနိုင်ငံသည် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာရှိသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ ခေတ်မီတိုးတက်သောမြို့ပြများတွင် စည်းကမ်းစနစ်ကို ပြည်သူများ ကောင်းစွာလိုက်နာကြသည်။ စည်းကမ်းလိုက်နာခြင်းသည် နိုင်ငံကြီးသားပီသ၍ နိုင်ငံ့ဂုဏ်၊ မြို့ပြဂုဏ်တင့်စေသည်။ စည်းကမ်းရှိပြီး ကျက်သရေရှိသည့် မြို့ပြများသည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။
မြို့ပြများ သန့်ရှင်းသာယာလှပရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းလိုက်နာရေးကို တာဝန်ရှိသူတို့က ခေတ်အဆက်ဆက် အလေးထား ဆောင်ရွက်ခဲ့သည်။ ခေတ်ကာလများပြောင်းလဲ၍ မြို့ပြများ ဖွံ့ဖြိုးတိုးတက် လာသော်လည်း စည်းကမ်းလိုက်နာမှုအပိုင်းမှာ အားနည်းမြဲ အားနည်းဆဲ ဖြစ်သည်။ သာဓကအားဖြင့် မြန်မာနိုင်ငံ၏ အထင်ကရစီးပွားရေးမြို့တော်ကြီး၏ တိုးတက်မှုအဖုံဖုံနှင့် စည်းကမ်းလျော့ရဲမှု အစုံစုံတို့ကို ရောယှက်မြင်တွေ့နိုင်သည်။
လောကတွင် အမှားကြာလျှင် အမှန်ဖြစ်တတ်သည်ဆိုသလို မှားသော အမှုများ ဖြစ်ဖန်များလာလျှင် ပုံမှန်အလေ့အထ မှန်နေသည့်အလား ပြုလုပ် လာလေ့ရှိပါသည်။ သာဓကအားဖြင့်အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာခြင်းတို့သည် ဆိုင်ရာတို့က မကြာခဏဆောင်ရွက်သည် ဆိုသော်ငြားလည်း အလေ့အထသဖွယ်အစဉ်အမြဲ ဖြစ်နေပါသည်။ အမှားနှင့်အမှန် ဝန်နှင့်အားမမျှသဖြင့် စည်းကမ်းလျော့ရဲမှု ဖြစ်နိုင်ပါသည်။
အမှားဟူသည် အနည်းငယ်မျှ စိုးစဉ်းမျှပင် မပြုလုပ်အပ်ပေ။ အမှားကို စတင်သည်နှင့် အစဉ်အလာ ဖြစ်တတ်သည်။ မှားသည်နှင့်ချက်ချင်းပြင်၊ မှားသည်နှင့်ချက်ချင်းအရေးယူ တုံ့ပြန်ဆောင်ရွက်နိုင်မှ သာလျှင် အမှား ဝန်အားများမလာဘဲ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့တွင် အများပြည်သူအကျိုးစီးပွားကို ငဲ့ညှာသောအားဖြင့် လျှော့လျှော့ပေါ့ပေါ့ တော်သင့်သလို ပြုလုပ်နေရသည်။ ကိုယ်ကျိုးစီးပွားပြည်သူများက ပထမ၊ စည်းကမ်းနည်းလမ်းက ဒုတိယသဘောထားသလို ဖြစ်နေသည်။ အမှား ကြာခဲ့ပြီဖြစ်၍ အမှန်လုပ်လျှင် ရန်သတ္တုပင် ဖြစ်နိုင်သည်။
ရန်ကုန်မြို့သည် လူဦးရေနှင့် နေထိုင်ရေးသိပ်သည်းမှု၊ ရောင်းရေး ဝယ်တာခရီးသွားနှင့် မော်တော်ယာဉ် များပြားမှု၊ စည်းကမ်းထိန်းသိမ်းရေး အင်အားနည်းမှုတို့ကြောင့် မော်တော်ယာဉ်၊ အနှေးယာဉ်စည်းကမ်း လိုက်နာမှု အပိုင်းမှာ အစဉ်အမြဲအားနည်းနေသည်။ လူဦးရေရှုပ်ထွေးပြီး ယာဉ်များ ထူထပ်နေသော နေရာတွင် မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကားစီးနင်းရေးမှာ သင့်လျော်ခြင်းမရှိသည့်အပြင် ထိခိုက်မှုအန္တရာယ်ပင် ဖြစ်နိုင်ပါသည်။ ယာဉ်သွားလမ်း၊ လူသွားလမ်း ဖြောင့်ဖြူးမှသာ လွယ်ကူချောမွေ့ အန္တရာယ် ကင်းမည်။
ရန်ကုန်မြို့တွင်း၌ ယာဉ်ရပ်နားမှုများ၊ စီးနင်းခွင့်မရှိသော ဆိုင်ကယ်၊ စက်ဘီးများ များပြားလာသည်။ စက်တပ်ယာဉ်များနှင့် အနှေးယာဉ်များမှာ အလျဉ်းသင့်သလို သွားလာနေကြသည်။ ယခုအခါ အများပြည်သူသုံး လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ဆိုင်ကယ်၊ စက်ဘီးစီးနင်းပါက ဥပဒေ အတိုင်း အရေးယူဆောင်ရွက်မည်ဟု သိရသည်။ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များနှင့် ဘက်ထရီစက်ဘီးများ စီးနင်းခြင်းမပြုရန် အသိပညာပေး ဆောင်ရွက်မှုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလဆန်းက ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ တတိယပတ်မှစ၍ အရေးယူဆောင်ရွက်ခဲ့သည်။
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ၊ လှည်းတန်းဈေးကဲ့သို့ ယာဉ်ကြော ကျပ်သောနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စက်ဘီး စီးနင်းရန်နှင့် စည်းကမ်းချိုးဖောက်ပါက ယခုလမှစ၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် စည်းကမ်းထိန်းသိမ်း ရေးနှင့် စည်းကမ်းဖောက်ဖျက်ခြင်းတို့သည် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဖြစ်နေသည်။ စည်းကမ်းဖောက်သူနှင့် အရေးယူသူတို့ သူတစ်လှည့်ငါတစ်လှည့် လုပ်နေရသလို ဖြစ်နေသည်။
အမှန်တကယ်တွင် စည်းကမ်းဥပဒေသည် အချိန်အခါ၊ နေရာမရွေး တစ်သမတ်တည်း ရှိနေရမည် ဖြစ်သည်။ စည်းကမ်းကို ဥပဒေဖြင့် ထိန်းကွပ်မှ လိုက်နာကြပါလိမ့်မည်။ အချိန်အခါမရွေး၊ နေရာမရွေး အနည်းငယ်မျှ ဖောက်ဖျက်သည်ကို ထိန်းသိမ်းနိုင်လျှင် အမှန်ကြာ အမှန်ဖြစ်ပေလိမ့်မည်။ ကိုဗစ်-၁၉ အန္တရာယ်သည် လူမှုဘဝတွင် ပေါ်လွင်ထင်ရှားသဖြင့် ကြောက်ရွံ့ကြပြီး စည်းကမ်းလိုက်နာ လာကြသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် နှစ်စဉ်အသက်သေဆုံးရမှုမှာ ကိုဗစ်-၁၉ထက်ပင် များမည်ဖြစ်သည်။ ကိုဗစ်ကဲ့သို့ ထင်သာမြင်သာမကျယ်ပြန့်သဖြင့် လိုက်နာဆောင်ရွက်မှု အားနည်းနေသည်။ ။
သို့ဖြစ်ရာ ယာဉ်၊ လမ်း၊ လူတို့နှင့်ပတ်သက်သည့် နယ်ပယ်များမှာ အရေးပါပြီး ကျယ်ပြန့်လှသည်ဖြစ်ရာ မြို့ပြများ၏ ကျက်သရေဖြစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူအားလုံး လိုက်နာခြင်းဖြင့် မိမိတို့၏ဂုဏ်၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းအပ်ပါသည်။ ။