Skip to main content

China Southern လေကြောင်းခရီးစဉ်ဖြင့် လာရောက်သော တရုတ်ခရီးသည်တစ်ဦးကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုလျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guangzhou) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဆိုက်ရောက်သည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 ဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၄၂) နှစ်အရွယ်၊ အမျိုးသား ခရီးသည် (၁) ဦးသည် လေဆိပ်သို့ဝင်လာချိန်၌ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) ဖြင့် တိုင်းတာချက်အရ ကိုယ်အပူချိန်အနည်းငယ်မြင့်မားနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ခရီးသည်ကို (၁၅) မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် (၃) ကြိမ်တိုင် ကိုယ်ခန္ဓာအပူချိန် ပြန်လည် တိုင်းတာခဲ့ရာ ကိုယ်အပူချိန်သည် ပုံမှန်ပင်ဖြစ်ကြောင်း တွေ့ရှိရကြောင်း၊ ထို့အပြင် အသေးစိတ်ထပ်မံစစ်ဆေးကြည့်ရာ ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသည့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများအပါအဝင် အခြား သံသယဖြစ်ဖွယ် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့သဖြင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော ရောဂါအဓိပ္ပာယ် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း၊ သို့သော် ပိုမိုသေချာမှုရှိစေရေးအတွက် ကူးစက်ရောဂါ ပါမောက္ခများ၊ ကူးစက် ရောဂါဗေဒ ပညာရှင်များနှင့် တိုင်ပင်၍ အဆိုပါခရီးသည် နေထိုင်ရာနေရာတွင် သီးသန့်ထားရှိပြီး ပြင်ပသို့ ထွက်ခွာစေခြင်းမရှိဘဲ ၎င်း၏ အခြေအနေကို စနစ်တကျ ဆက်လက် စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။

Ref; Ministry of Health and Sports, Myanmar