ဖားကန့် ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ဘောလုံးကွင်းအနီး၌ မြန်မာနိုင်ငံ၏ ပထမဦးဆုံးမြို့နယ်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးအား ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက “မြို့နယ်ရုံးအနေဖြင့် ဒေသ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း များအား ပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား သည်။
ပြည်နယ်ဝန်ကြီးက “ယခုဖွင့်လှစ်သည့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အနေဖြင့် ဖားကန့်မြို့နယ်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာ ပြန့်ပွားရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်စေလို ကြောင်း” မှာကြားသည်။
ကမ္ဘာတစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တောမီး လောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းနှင့် အပူချိန်လွန်ကဲခြင်းများအပြင် လေထု၊ မြေထုနှင့် ရေထု ညစ်ညမ်းခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရပါပြီး၊ ဇီဝမျိုးကွဲများ မျိုးတုန်းပျောက်ကွယ်ခြင်း၊ အစားအစာနှင့်သောက်သုံးရေးရှားပါးလာခြင်းနှင့် ရောဂါဘယထူပြောလာခြင်း စသည့် လူမှုဒုက္ခ မျိုးစုံကြုံတွေ့နေရပါသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထားဆောင်ရွက် ကြရန် ပြည်နယ်ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး က မြို့နယ်ရုံးသစ်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဖားကန့်မြို့ခံတစ်ဦးဖြစ်သည့် ရပ်မိ/ရပ်ဖ ဦးဇော်လတ်က “ကျွန်တော်တို့ဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပခုံးထမ်းတာဝန်ယူမယ့် ဌာနတစ်ခု ရောက်ရှိလာတာကို ကြိုဆိုပါတယ်၊ ကျွန်တော်တို့ ဒေသရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဒေသခံတစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ကူညီသွားမှာပါ၊ ဖားကန့်မြို့နယ်ဟာ ရေရှည်မှာ အေးချမ်း သာယာပြီး စိမ်းလန်းစိုပြေတဲ့ မြို့နယ်တစ်ခု ဖြစ်လာလိမ့် မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိ်နးသိမ်းရေးဦးစီးဌာနရုံးသစ်အား ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်၊ ဖားကန့်-လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာန၊ မန်နေဂျာနှင့် ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်)မှ အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။
ဖားကန့်မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ မှစတင်ကာ ဉရုချောင်း ရေအရည်အသွေးတိုင်းတာခြင်း၊ မြို့နယ်အတွင်း စာသင်ကျောင်းများ ရပ်ရွာများတွင် အသိပညာပေး ဟောပြောခြင်း၊ ဉရုချောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စသည့် ဌာနလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ကျပ်သိန်း(၅၀၀)ခန့် အကုန်အကျခံ ဆောက်လုပ်ထားသည့် နှစ်ထပ်ရုံးအဆောက်အဦအား ယနေ့မှ စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပထမဦးဆုံး မြို့နယ်အဆင့် ဖွင့်လှစ်နိုင်ခဲ့သည့် မြို့နယ်ရုံးတစ်ရုံးဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)