မြစ်ကြီးနား ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် မြစ်ကြီးနားမြို့၊ နောင်နန်းကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်း(KTCS)ဝင်းအတွင်း ကျောင်းဝင်းလမ်း ကတ္တရာလမ်းသစ်ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်ဖွင့်လှစ်ပေးသည်။
လမ်းသစ်ဖွင့်ပွဲကို ဓမ္မတက္ကသိုလ်ကျောင်းရှေ့မုဒ်ဦး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ KTCS ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်း နာယက များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဂုဏ်တော်သီချင်းဖြင့် သီဆိုဆက်ကပ်ကြပြီး သိက္ခာတော်ရဆရာ လဗျပေါလ်နော်တောင်က ဆုတောင်း ကောင်းကြီးပေးကာ ကျောင်းဝင်းလမ်းသစ်ကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကျောင်းအုပ် သိက္ခာတော်ရ ဒေါက်တာဇက်လတ်နောင်၊ ကျောင်းအုပ်ချုပ်စီမံအဖွဲ့ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာလဗျပေါလ်နော်တောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ကျောင်းဝင်းအတွင်းရှိ AD-2000 ခန်းမ၌ ဆက်လက် ကျင်းပရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းတော်ကြီး သီချင်းဖြင့်လည်း ကောင်း၊ ကျောင်းအုပ် ဆရာက ကြိုဆိုနှုတ်ခွန်းဆက် စကားဖြင့်လည်းကောင်း ကြိုဆိုခဲ့ကြပြီး ကျောင်းအုပ်ချုပ်စီမံအဖွဲ့ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ်ထံ လမ်းသစ်ရရှိအောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဂုဏ်ပြု မှတ်တမ်းလွှာ၊ ကချင်ရိုးရာပလိုင်းတို့ဖြင့် ဂါဝရပြု ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လမ်းလုပ်ငန်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ကျောင်းအုပ်ဆရာထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဂုဏ်တော် တေးသီချင်းဖြင့် သီဆိုဆက်ကပ်ကြကာ သိက္ခာတော်ရ ဆရာတူးခေါင်က ကောင်းကြီး တောင်းခံပေးသည်။
ထိုမှ တစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် စီတာပူရပ်ကွက် မနောကွင်းအတွင်း၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိ သူများနှင့် ညှိနှိုင်းစီမံဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)